မြဝတီ၊ နိုဝင်ဘာ ၂၉

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ KNU ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီအ ကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၇ ရက်နေ့က ပြန်လည်လွတ် မြောက်လာခဲ့တယ်လို့ DKBA သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ DKBA တပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လည်ပိုင်းက မင်းလက်ပံ၊ ဖလူးရွာကနေတစ်ဆင့် DKBA ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ဆီ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး လွှတ်မြောက်လာတဲ့ တပ်ဖွဲ့ဝင်ဦးရေနဲ့ လက်နက်ခဲယမ်းတွေ ပါမပါကိုတော့ အတိအကျမသိရသေးဘူးလို့ DKBA သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

DKBA ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ဆီ ပြန်လည်ရောက်လာတဲ့ DKBA တပ်ဖွဲ့ဝင်ဦးရေဟာ ရာဂဏန်းဝန်းကျင်ရှိခဲ့ပြီး လက်နက်တွေကိုတော့ ကိုင်ဆောင်ထားတာမတွေ့ရဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က မြဝတီမြို့နယ် မင်းလက်ပံရွာက ကျားဖြန့်လုပ်ငန်းခွင်တစ်ခုထဲမှာရှိတဲ့ DKBA တပ်ဖွဲ့က KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့ကို စတင်ပစ်ခတ်ခဲ့ရာကနေ နှစ်ဖက်ပစ်ခတ်မှု ခဏတာဖြစ်ပွားခဲ့ပြီး DKBA လုံခြုံရေးယူထားတဲ့ ကျားဖြန့်ဝင်းထဲကို KNLA က ဝင်ရောက်စီးနင်းထိန်းချုပ်လိုက်တာပါ။

အဲဒီဝင်ရောက်စီးနင်းမှုဖြစ်စဉ်မှာ DKBA တပ်ဖွဲ့ဝင် အနည်းဆုံး ၂၃၀ ဦးကို လက်နက်ခဲယမ်းအများအပြားနဲ့ ဖမ်းဆီးနိုင်ခဲ့ပြီး DKBA ရဲ့ စခန်းကိုလည်း ထိန်းချုပ်နိုင်ခဲ့သလို အဲဒီစခန်းဝင်အတွင်းကနေ ကျားဖြန့်အလုပ်သမား ထောင်ချီနဲ့ ဆက်စပ်ပစ္စည်းအများအပြားကိုလည်း KNU က စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

မင်းလက်ပံရွာက ကျားဖြန့်လုပ်ငန်းခွင်ကို KNU က ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဉ်အပြီး ၅ ရက်အကြာမှာ DKBA က မြဝတီမြို့နယ် ဖလူးလေး၊ ဝေါ်လေမြို့နဲ့ စုကလိမြို့တို့ကို ဆက်သွယ်သွားလာတဲ့ လမ်းတွေပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ သွားလာတာတွေမပြုလုပ်ဖို့နဲ့ အရေးပေါ်သွားလာဖို့ လိုအပ်ပါက DKBA တာဝန်ရှိသူတွေကို ဆက်သွယ်သတင်းပေးပို့ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် DKBA ထိန်းချုပ်နယ်မြေအတွင်းမှာ နိုင်ငံခြားသားတွေ အထူးသဖြင့် တရုတ်နိုင်ငံသားတွေကို သယ်ဆောင်လာပါက ဖမ်းဆီးအရေးယူသွားမယ်လို့လည်း DKBA က ကြေညာချက်ထုတ်ထားပါတယ်။

DKBA အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ၄ ဦးအပါအဝင် တပ်ဖွဲ့တစ်ဖွဲ့လုံးကို အွန်လိုင်ငွေလိမ်လောင်းကစားမှု(ကျားဖြန့်) လုပ်ကိုင်ရာမှာ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန်ကလည်း ပိတ်ဆို့အရေးယူထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.