ရေး၊ နိုဝင်ဘာ ၃၀
မွန်ပြည်နယ် ရေးမြို့နယ် ပဒေါင်းကျေးရွာနဲ့ဘဲလမုကျေးရွာတွေအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ရေးအခြေစိုက် တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ပဒေါင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့တာပါ။
ဒါ့အပြင် နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ဘဲလမုကျေးရွာ ကြိုးတံတားအနီးမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲပြီးနောက် စစ်ကော်မရှင်တပ် စစ်ကြောင်း ပြန်ဆုတ်သွားပေမယ့် လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၆) တပ်ရင်း(၂၇) ခွဲ (၁)၊ တပင်ရွှေထီးကိုကျိုက် ပြည်သူကာကွယ်ရေးတပ်၊ ဗျူဟာ(၃၃)ချေမှုန်းရေးတပ်ခွဲတို့ ပါဝင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ရေးမြို့နယ် ကနင်ကမော့ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

