သရက်ချောင်း၊ နိုဝင်ဘာ ၂၉

နှစ်ဖက်တိုက်ပွဲတွေကြောင့် ရက် ၂၀ ကြာ ပိတ်ထားတဲ့ တနင်္သာရီတိုင်း သရက်ချောင်းနဲ့ပလောက်မြို့အကြားရှိ မြိတ် – ထားဝယ်လမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်ပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကစလို့ သရက်ချောင်း-ပလောက်မြို့လမ်းပိုင်းကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့တာပါ။

ဒါပေမယ့် လက်ရှိမှာ နှစ်ဖက်စစ်ရေးအခြေအနေ ပြန်လည်ငြိမ်သက်လာတာကြောင့် အများပြည်သူတွေ သွားလာနိုင်ရေးအတွက် နိုဝင်ဘာ ၂၈ ရက်နေ့ကစလို့ မြိတ်- ထားဝယ်လမ်းပိုင်း ပြန်ဖွင့်ပေးလိုက်ပြီလို့ KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)က တပ်ရင်း ၁၂ က အသိပေးထုတ်ပြန်ပါတယ်။

မြိတ်- ထားဝယ်လမ်းပိုင်း ပြန်ဖွင့်ပေးလိုက်တဲ့အတွက် နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၈ နာရီကစပြီး ကုန်တင်ကားတွေနဲ့ ခရီးသွားကားတွေ ပြန်လည်သွားလာနေကြပြီလို့ ကုန်တင်ကား မောင်းသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြိတ်-ထားဝယ်လမ်းပိုင်း ရက် ၂၀ ကြာ ပိတ်ထားတဲ့အတွက် ကုန်တင်ကားတွေနဲ့ ခရီးသွားကား ၁၀၀၀ ကျော်ဟာ သရက်ချောင်းမြို့နယ် ပြင်းဖြူကြီး၊ မင်းဒပ်၊ ရငဲ၊ ဘုတ်တောင်၊ ပဲဒက်နဲ့ ဆင်ထိုးကြီးကျေးရွာတို့မှာ ပိတ်မိခဲ့ပါတယ်။

ကားလမ်းပိတ်ထားတဲ့အတွက် ဟင်းသီးဟင်းရွက်၊သားငါးကုန်တင်ယာဉ်တွေအပါအဝင် ပုတ်သိုးကုန်တွေ တင်လာတဲ့ကားတွေက ကုန်ပစ္စည်းတွေ ပျက်စီးသွားတာကြောင့် အရှုံးနဲ့ရင်ဆိုင်ခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.