မော်လမြိုင် ၊ နိုဝင်ဘာ ၂၉

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က သူတို့ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့ တစ်အိမ်တက်ဆင်း မဲစာရင်းလိုက်တိုက်ပြီး ဖိအားပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားမှုကို နိုဝင် ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ ၁၄ ရက်အကြာ ကြေညာထားပေမယ့် လာရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးနေတာပါ။

အဲဒီအတွက်ကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ဌာနပေါင်းစုံ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီးနောက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာ တစ်အိမ်တက်ဆင်း မဲစာရင်းလိုက်တိုက်ပြီး မဲပေးကြဖို့ ဖိအာပေးလာပါတယ်။

“မဲစာရင်းကို စိတ်ဝင်တစား လာကြည့်တဲ့သူ မရှိဘူး။ အခုက အဖွဲ့စုံပေါ့ လာပြီးတော့ အိမ်တိုင်ရာ ရောက် လာတိုက်စစ်ပေးနေတယ်။ မဲစာရင်း ပါလား မပါလား တိုက်စစ်ပေးတယ်။ ပါတယ်ဆိုရင်တော့ မဲစာရင်း နာမည်ထဲမှာ ပါတယ် ဆိုရင် ပြီးရောပေါ့။ မပါဘူး ဆိုရင် ကာယကံရှင်က ထည့်မလားပေါ့။ ပြည်သူ့စစ်တွေပါ ပါတယ်ဆိုတော့ ထည့်မယ်လို့ ပြောလိုက်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကော်မရှင် လက်အောက်ခံတွေက မဲစာရင်းကို တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးပေးတာတောင် အများစု မဲစာရင်းအပေါ် စိတ်ဝင်စားမှု မရှိသလို အဖွဲ့စုံ နေအိမ်အထိ ရောက်လာလို့သာ ဖြေကြား ပေးတာသာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံ နောက်တစ်ဦးကလည်း စစ်ကော်မရှင်က ရွေးကောက်ပွဲအတွက် မဲစာရင်း ကြည့်ဖို့ အမျိုးမျိုး လုပ်ဆောင် နေပေမယ့် ဘယ်သူမှ စိတ်ဝင်စားမှု မရှိကြသလို တချို့ ပြည်သူတွေဆိုရင် မဲထည့်ရမယ့် ရက်တောင် မသိကြဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မဲစာရင်းအပေါ် စိတ်ဝင်စားမှုကတော့ လှည့်တောင် မကြည့်ဘူး။ ဟို့နေ့ကတော့ ကျွန်တော်တို့ ရပ် ကွက်တွေမှာ ဓာတ်စက်နဲ့ လာအော် သွားတယ်ပေါ့နော်။ မဲစာရင်းတွေ ကိုယ်နာမည် ပါမပါ လာကြည်ဖို့ လူတွေက သူဘာသူ စားဖို့တောင် ဒုက္ခရောက်နေတော့ မဲစာရင်းလည်း သွားမကြည့်ပါဘူး။ ဘယ်သူမှ သွားမကြည့်ဘူး။ တချို့ ပြည်သူတွေဆို ဘယ်နေ့ မဲထည့်ရမယ် ဆိုတဲ့ ရက်တောင် မသိကြဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်ဟာ မဲစာရင်းကို လာရောက် ကြည့်ရှုသူမရှိတဲ့အတွက် မဲစာရင်း လာကြည့်ဖို့ အသံချဲစက်တွေနဲ့ နှိုးဆော်တာ၊ တစ်အိမ်တက်ဆင်း မဲစာရင်း ကြည့်ဖို့ လိုက်လံပြောဆိုတာအပြင် နောက်ဆုံးနေအိမ်တွေအထိ လာရောက် မဲစာရင်း စစ်ဆေးတာတွေ လုပ်ဆောင်လာတာပါ။

အခုလို နေအိမ်တွေအထိ မဲစာရင်း လာရောက် စစ်ဆေးပေးတာကြောင့် စစ်ကော်မရှင်တွေက အချက်အလက်တွေ ရရှိပြီး ဖြစ်တဲ့အတွက် မဖြစ်မနေ မဲရုံတွေမှာ မဲလာပေးကြဖို့ ဖိအားပေး ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်ရဲ့ ပထမ အကြိမ် မဲစာရင်းကပ်ထားမှုမှာ သေဆုံးသူတွေ ပါဝင်တာ၊ လူတစ်ဦးထဲ လေးငါး နေရာ ပါဝင်တာ၊ ရွှေ့ပြောင်း သွားသူတွေ ပါဝင်တာ၊ အချက်အလက် မှန်ကန်မှု မရှိတာအပြင် တချို့တွေဆိုရင် နာမည် လုံးဝ မပါဝင်တာတွေကအစ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.