နေပြည်တော် ၊ နိုဝင်ဘာ ၃၀

စစ်ကော်မရှင် ဦးဆောင်တဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ တစ်လအလိုမှာ ဘယ်လာရုစ် သမ္မ တက မြန်မာနိုင်ငံကို ပထမဆုံးကြိမ်အဖြစ် လာရောက်ခဲ့ပြီး သူတို့အနေနဲ့ ပြည်တွင်းတည်ငြိမ်ရေးကို ကူညီပေးသွားမယ်လို့ ပြောပါတယ်။

နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ နိုဝင်ဘာ ၂၈ ရက်နေ့မှာ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲနဲ့ နားလည်မှုစာခွျှန်လွှာ လက်မှတ်ရေးထိုးပွဲအပြီး နှစ်နိုင်ငံပူးတွဲကြေညာချက်ကို မီဒီယာတွေနဲ့ ရှင်းလင်းခဲ့ချိန်မှာ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက ပြောကြားခဲ့တာပါ။

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ အနာဂတ်ကို အကောင်အထည်ဖော်နိုင်ဖို့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ရမှာဖြစ်လို့ ပြည်တွင်းတည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လာရုစ်နိုင်ငံအနေနဲ့ တတ်နိုင်သလောက် ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊စီးပွားရေး၊ ယဉ်ကျေးမှုဖလှယ်ခြင်းဆိုင်ရာ လုပ်ငန်းတွေအပြင် ဖွံ့ဖြိုး‌ရေးပူးပေါင်းဆောင်ရွက်မှုမြှင်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ ၂၀၂၆-၂၀၂၈ တို့ကိုလည်း လက်မှတ်ရေးထိုးပြီး ဖြစ်တယ်လို့ ဘယ်လာရုစ်သမ္မတက ပြောပါတယ်။

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတွေဖြစ်တဲ့ ဆေးဝါး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ သိပ္ပံနဲ့နည်းပညာဆိုင်ရာ အပါအဝင် စစ်ဘက်ဆိုင်ရာပူးပေါင်းမှုကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်လာရုစ်သမ္မတက မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းမှာ ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်နေ့ ညနေမှာ ပြန်လည်ထွက်ခွာသွားခဲ့တာပါ။ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ၂၄ နာရီ မပြည့်ပေမယ့် စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အထောက်အကူဖြစ်စေခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

“ဒီအနေအထားနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လာပြီးတော့ Promote (အများသိအောင်) လုပ်ပေးတယ်။ အသိအမှတ်ပြုပေးတဲ့ ပုံစံမျိုးအနေနဲ့ တကူးတကကို သီးသန့် လာရောက်တဲ့ အနေအထားကို တွေ့ရတယ်။ မင်းအောင်လှိုင်ကလည်း ကြိုဆိုဧည့်ခံတဲ့ အနေအထားတွေမှာ သူ့ရဲ့ ရှိသမျှ လူအုပ်တွေ အကုန်လုံး တပြိုင်နက်တည်းနဲ့ တွေ့ဆုံခဲ့ရတာကို တွေ့ရတယ်”လို့ CDM ဗိုလ်ကြီး ဇင်ယော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဦးဆောင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ကုလသမဂ္ဂနဲ့ ဥရောပပါလီမန်တို့က ငြင်းပယ်နေပြီး အာဆီယံကလည်း အသိအမှတ်မပြုတဲ့အနေအထားမှာ စစ်တပ်ရဲ့ မိတ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယအပါအဝင် ဘယ်လာရုစ်နိုင်ငံတို့က ထောက်ခံနေတာပါ။

Justice for Myanmar ကတော့ အဲဒီလေးနိုင်ငံက အစိုးရတွေဟာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးခြင်းနဲ့ စစ်ကော်မရှင်ထံ ငွေကြေးစီးဝင်မှုကို ဆက်လက်ကူညီနေသလို စစ်ဆင်ရေးကို အသက်ဆက်ပေးနေတာလို့ ထောက်ပြပါတယ်။

တစ်ဘက်မှာ မြန်မာပြည်သူတွေရဲ့ အားပေးထောက်ခံမှုနဲ့ အသိအမှတ်ပြုမှုရရင် လုံလောက်ပြီလို့ ထုတ်ပြောထားတဲ့ စစ်ကော်မရှင်ရဲ့ အထွေထွေရွေးကောက်ပွဲကို ပြည်တွင်းပြည်ပရှိ ပြည်သူအများစုက စိတ်မဝင်စားကြပါဘူး။

ဒီအခြေအနေမှာ ဘယ်လာရုစ်သမ္မတ ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်မှုအပေါ် စစ်ခေါင်းဆောင်က နှစ်နိုင်ငံဆက်ဆံရေးသမိုင်းမှာ မှတ်တမ်းတင်နိုင်တဲ့ ခရီးစဉ်တစ်ခုလို့ ဆိုပါတယ်။ဒါ့အပြင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အနီးကပ်ဆုံးနဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့အညီ လျှောက်လှမ်းနေတဲ့အပေါ် ဘယ်လာရုစ်နိုင်ငံက ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ စောင့်ကြည့်သူကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမှုကိုလည်း ကြိုဆိုကြောင်း စစ်ခေါင်းဆောင်က ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ ရွေးကောက်ပွဲကနေ ထွက်ပေါက်တစ်ခုရဖို့ နိုင်ငံတကာမှာ အသိအမှတ်ပြုလာအောင် စစ်ကော်မရှင်က နည်းမျိုးစုံနဲ့ လုပ်လာတာဖြစ်လို့ လျှော့တွက်လို့ မရဘူးလို့ မှတ်ချက်ပြုပါတယ်။

“သူတို့အတွက်ကတော့ (စကမ) ဒီရွေးကောက်ပွဲကို ထွက်ပေါက်တစ်ခုအနေနဲ့ နိုင်ငံတကာမှာ အသိအမှတ်မပြု ပြုလာအောင် ပုံစံမျိုးနဲ့ နည်းပေါင်းစုံ လုပ်လာတဲ့ အနေအထားမျိုးကို တော့ရတယ်။ အဲဒီတော့ တခြားနိုင်ငံခြားရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာပါ သူတို့ကို လျှော့တွက်လို့တော့ မရဘူး။ဘာဖြစ်လို့လဲဆိုတော့ လျှော့တွက်ရင်း လျှော့တွက်ရင်းနဲ့ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုက ‘အရူးက တစ်မူးသာ’ဆိုတဲ့ ပုံစံမျိုးတွေအထိ လုပ်လာနိုင်တာကို တွေ့ရတယ်”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်နေမှုတွေအပါအဝင် အမေရိကန်အစိုးရက ရုတ်သိမ်းတဲ့ ယာယီခိုလှုံခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၄၀၀၀ နီးပါးကို လက်ခံနိုင်ရေး စီစဉ်နေပြီး မဲပေးခွင့်ရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားတာပါ။

အလားတူ အခြားအကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဒီမိုကရေစီရေးမှာ ငြိမ်းချမ်းစွာ လက်တွဲ ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံကို ပြန်လာဖို့ သူက တိုက်တွန်းပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.