မော်လမြိုင်၊ နိုဝင်ဘာ ၂၉

မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒဇောတိကို လူဝတ်လဲပြီး အမှုဖွင့်အရေးယူလိုက်တယ်လို့ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် စစ်ကော်မရှင် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဆရာတော် အရှင် စန္ဒဇောတိဟာ နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာမှာ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ ပြုလုပ်ခဲ့တာကြောင့် တရားဥပဒေနဲ့အညီ ဖမ်းဆီးအမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆရာတော် အရှင် စန္ဒဇောတိကို စစ်ကော်မရှင်က မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှာ နိုဝင်ဘာ ၂၇ ရက်နေ့က အမှုဖွင့်အရေးယူခဲ့တယ်လို့ အသိပေးထားပေမယ့် ဘယ်ဥပဒေ ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်ခဲ့တယ်ဆိုတာ အသေးစိတ် ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

ဆရာတော်ဟာ CRPH ၊ NUG တို့ရဲ့ လှုံ့ဆော်ဝါဒဖြန့်မှုတွေကို လိုက်ပါလုပ်ဆောင်တာ၊ အားပေးကူညီတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်က စွပ်စွဲထားတာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တာလို့ သံလွင်တိုင်းမ်အနေနဲ့ နားလည်ရပါတယ်။

ဖမ်းဆီးအမှုဖွင့်ခံလိုက်ရတဲ့ မော်လမြိုင်သာသနာနွယ် ဆရာတော် အရှင် စန္ဒာဇောတိဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မော်လမြိုင် တောင်ဝိုင်းတောင်မှာ မွန်ပြည်နယ်စစ်ကော်မရှင်ရဲ့ တောင်မြေဖြိုမှုအပေါ် လူမှုကွန်ရက်စာမျက်နှာမှာ နေပြည်တော်က သိစေဖို့ဆိုတဲ့ ပို့စ်တစ်ခုကို ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြဖူးပါတယ်။

အဲဒီနောက် စစ်ကော်မရှင်ဟာ ဇေတဝန်ကျောင်းတိုက်မှာ သီးတင်းသုံးနေတဲ့ သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒဇောတိနဲ့ တပည့်နှစ်ဦးကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာခဲ့တာပါ။

ဆရာတော် အရှင် စန္ဒာဇောတိအား ဖမ်းဆီးအမှုဖွင့်အရေးယူမှုအပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပြီး ဆရာတော် အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.