မော်လမြိုင် ၊ နိုဝင်ဘာ ၂၉

အမေရိကန်အစိုးရက မြန်မာနိုင်ငံအတွင်း တိုးတက်လာမှုကြောင့် ယာယီခိုလှုံခွင့် ရပ်ဆိုင်းကြောင်း ကြေညာမှုအပြီး စစ်ကော်မရှင်က ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တရားစွဲဆိုထားသူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်နဲ့ အမှုပိတ်သိမ်းတာတွေ လုပ်လာပါတယ်။

တစ်ဘက်မှာ စစ်ကော်မရှင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို အားပေးထောက်ခံကြောင်း တရားဝင် ထုတ်ပြောထားတဲ့ ဘယ်လာရုစ်နိုင်ငံရဲ့ သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေတာပါ။

စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မကြာမီ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ အားလုံး လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက်လို့ အကြောင်းပြပါတယ်။

လာမယ့် ဒီဇင်ဘာနှောင်းပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းအတွင်း အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီး အပိုင်းလိုက်ရွေးကောက်ပွဲကို အာဏာသိမ်း စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပဖို့ ရှိနေတာပါ။

ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတို့ကတော့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ ထုတ်ပြောထားသလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း လွတ်လပ်မှု ဒါမှမဟုတ် ယုံကြည်စိတ်ချရမှု ရှိမှာ မဟုတ်ဘူးလို့ ပြောကြားထားတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက အပြုသဘောဆောင်တဲ့ အမြင်မျိုးဖြစ်လာအောင် စစ်ကော်မရှင်က စနစ်တကျ လုပ်လာတာလို့ သုံးသပ်ပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေရဲ့ လွတ်မြောက်ရေးဟာ ကျွန်တော်တို့ မြန်မာပြည်သာမက ကမ္ဘာကြီးနဲ့ပါ အာရုံစိုက်ရမယ့် အရေးဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုတဲ့ သတင်းကို စစ်တပ်က ရွေးကောက်ပွဲကို အကြောင်းပြုပြီး လွှတ်ပေးတယ်ဆိုတာကို စကားလုံး ထည့်သုံးတာဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့လည်း ရွေး‌ကောက်ပွဲအ‌ပေါ်မှာ အာရုံစိုက်လာတာ ရွေးကောက်ပွဲကို အပြုသဘောဆောင်တဲ့ အမြင်မျိုး ဖြစ်လာတာ ဒီလိုမျိုး ဖြစ်လာအောင်လို့ကို ရည်ရွယ်ချက်ရှိရှိ ဒီရက်ပိုင်းတွေအတွင်းမှာ စနစ်တကျ လုပ်ဆောင်တယ်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်ဗျ”လို့ ဆိုပါတယ်။

စစ်ကော်မရှင်က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ အကျဉ်းထောင် အချုပ် ထောင်တွေမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား၊အကျဉ်းသူ ၂၃၆၁ ဦးကို ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေအပေါ် လျှော့ပေါ့ပြီး လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာပါ။

အလားအတူ အဲဒီပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား၊အကျဉ်းသူ ၇၂၄ ဦးကိုလည်း နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အခုကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။

ဒါ့အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ထွက်ပြေးတိမ်းရှောင်နေပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ၅၁၂ နဲ့ တရားစွဲဆိုခံရသူ ၅၅၈၀ ဦးတို့ရဲ့ ကြားနာစစ်ဆေးဆဲအမှုတွေကိုလည်း ပိတ်သိမ်းလိုက်ကြောင်း စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့် ရုပ်သံတွေနဲ့ သတင်းစာတွေမှာ ကြေညာခဲ့တာပါ။

PPNM ရဲ့ အချက်အလက်တွေအရ အကျဉ်းထောင်တွေထဲမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား နှစ်သောင်းကျော် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာ‌ကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က နိုင်ငံရေးအကျဉ်းသားတွေကို မဖြစ်စလောက် အရေအတွက်နဲ့ ပြန်လွှတ်ပေးတာဟာ မြန်မာပြည်ရဲ့ ပုံရိပ်တွေ ပိုတိုးတက်လာမှာ မမြင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ (စကမ) နည်းမျိုးစုံနဲ့ တရားဝင်မှုရအောင် နိုင်ငံတကာရော ပြည်တွင်းထဲမှာရော နည်းမျိုးစုံ ကြိုးစားနေတာပါ။ တကယ်တော့ ၅၀၅ – က နဲ့ လူတချို့ လွှတ်တယ်ဆိုတာ ထောင်သေးသေးကနေ ထောင်ကြီးထဲကို ပြန်ပြီးတော့ လွှတ်ပေးလိုက်တာပဲ။ ခြင်းထဲက ကြက်တွေ ကြိုက်တဲ့အချိန် ဖမ်းလို့ရတယ်။တကယ်တမ်း ကျွန်တော်တို့ သိသလောက်တော့ နိုင်ငံရေးအကျဉ်းသား သုံးသောင်းကျော်ရှိတယ်။အခု မဖြစ်စလောက် နံပါတ်လေးနဲ့ တချို့လည်း လွတ်ရက်နီးတယ်၊ အဲဒါတွေကို လွှတ်ပေးရုံနဲ့တော့ မြန်မာပြည်ရဲ့ နိုင်ငံရေးပုံရိပ်တွေ ပိုတိုး တက်လာမယ်လို့ မမြင်ပါဘူး။ အဲဒီလိုပဲ နေ့စဉ် ဗုံးမကြဲတဲ့ရက်မှ မရှိတာကြီး”လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့က အမေရိကန်အစိုးရရဲ့ အမိမြေလုံခြုံရေးဌာနကနေ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ပေးထားတဲ့ ယာယီနေထိုင်ခွင့် TPS (Temporary Protected Status) အစီအစဉ်ကို ဖျက်သိမ်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်အရ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံသားတွေ ဘေးကင်းလုံခြုံသွားပြီဖြစ်လို့ ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီး နိုင်ငံအတွင်းမှာ အုပ်ချုပ်ရေး၊ တည်ငြိမ်းရေးမှာလည်း တိုးတက်မှုတွေ ရှိနေတာ တွေ့ရတယ်လို့ ဖော်ပြထားတာပါ။

ဒီအပေါ် စစ်ကော်မရှင် ပြောခွင့်ရသူက မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ တည်ငြိမ်လာမှုနဲ့ တိုးတက်လာမှုတွေကြောင့် အမေရိကန်အစိုးရက ယာယီနေထိုင်ခွင့် ရပ်ဆိုင်းမှုကို ကြိုဆိုကြောင်းနဲ့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြန်လာပြီး ရွေးကောက်ပွဲမှာ မဲပေးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၂၆ ရက်နေ့ ညပိုင်းမှာတော့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွေနဲ့ ကြားနာစစ်ဆေးဆဲအမှုတွေကို ပိတ်သိမ်းတဲ့ အမိန့်တွေကို နိုင်ငံပိုင် ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပြီး နောက်နေ့မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ အမေရိကန်ဘက်ကနေ စစ်တပ်အပေါ် အကောင်းမြင်တဲ့ ပြုမူမှုနဲ့ ပြောဆိုမှုတွေကို အခြေတည်ပြီး အဲဒီရဲ့ အရှိန်ကို ရပ်တန့်မသွားအောင် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ဆောင်တာလို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.