သည်ဟေ့ဂ်၊ နိုဝင်ဘာ ၂၉
အသက် ၈၀ အရွယ် ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေ ယိုယွင်းမှုကြောင့် ပြန်လွှတ်ပေးရေး တရားခံရှေ့နေတွေက အယူခံဝင်ခဲ့ပေမယ့် သူ့ကို ဆက်လက် ထိန်းသိမ်းထားဖို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC က နိုဝင်ဘာ ၂၈ ရက်က ဆုံးဖြတ်လိုက်ပါတယ်။
၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒူတာတေးကို သူ့ရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုအတွင်း မူးယစ်ဆေးရောင်းသူတွေ သုံးစွဲသူတွေ ထောင်နဲ့ချီ သတ်ဖြတ်ခံရမှုအတွက် မတ်လက ဖမ်းဆီးခံရပြီး သည်ဟေ့ဂ်မြို့သို့ ပို့ဆောင်ခံခဲ့ရတာပါ။

ကျန်းမာရေး အခြေအနေကြောင့် သူ့ကို ယာယီ ပြန်လွှတ်ပေးရေး တောင်းဆိုမှုကို အယူခံ တရားသူကြီးတွေက ပယ်ချခဲ့တာကြောင့် ဖြစ်နိုင်ခြေရှိတဲ့ အမှုကို စောင့်ဆိုင်းရေး တရားရုံးမှာ ဆက်နေရမယ့် သဘော ဖြစ်ပါတယ်။
ဒူတာတေးကို ဖမ်းဆီးထားသင့်ကြောင်း အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်အတွင်း မှားယွင်းမှုတွေကို အယူခံရှေ့နေတွေက ဖော်ထုတ်ပြဖို့ ပျက်ကွက်ခဲ့ကြောင်း အယူခံတရားသူကြီးအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တရားသူကြီးအဖွဲ့ခေါင်းဆောင် လု့ဇ်ဒဲလ် ကာမန်း အီဘာနက်ဇ်က ပြောပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ကို ကြားနာဖို့ ဒူတာတေး တရားရုံးသို့ ရောက်မလာခဲ့ပါဘူး။

အခုလို တရားရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် သူ့ရဲ့ မြေးဖြစ်သူ အိုမာ ဒူတာတေးက သူ့အဘိုးဟာ ထွက်ပြေးနိုင်တဲ့ အန္တရာယ် မရှိဘဲ လွှတ်ပေးသင့်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကျွန်တော်တို့ စကားပြောဆိုနေကြတဲ့ အချိန်ထက်ဝက်လောက်မှာ သူဟာ ဘာကြောင့် အဲဒီမှာ ထိန်းသိမ်းခံထားရတယ်ဆိုတာကိုတောင် မသိပါဘူးလို့ မြေးဖြစ်သူ အိုမာ ဒူတာတေးက ပြောပါတယ်။
ဖိလစ်ပိုင် မြို့တော် မနီလာမှာ သေဆုံးသူတွေရဲ့ မိသားစုတွေက အဲဒီ တရားရုံး ကြားနာမှုကို စောင့်ကြည့်ခဲ့ကြပြီး ဒူတာတေးကို ဖမ်းဆီးထားရင် မိမိတို့ ဘေးကင်းမှာ ဖြစ်ပြီး ယာယီ လွှတ်မပေးပါနဲ့ ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်ထားတာ တွေ့ရပါတယ်။
တရားရုံး ဆုံးဖြတ်ချက် ထွက်လာပြီး လူတစ်ယောက် ပျော်ရွှင်ခုန်ပေါက်ခဲ့ပြီး တခြားလူတွေက တရားရုံး ဆုံးဖြတ်ချက်ကို လက်ခုပ်တီး ကြိုဆိုခဲ့ကြပါတယ်။
အဲဒီ အမှုကို ဆက်စစ်ဆေးရပါမယ်။ ဒူတာတေး အပြစ်ရှိကြောင်း သက်သေပြနိုင်တဲ့အထိ ဆက်လက် စစ်ဆေးရပါမယ်လို့ မူးယစ်းဆေးဝါး နှိမ်နှင်းမှုအတွင်း ၂၀၁၇ ခုနှစ်က အစ်ကိုဖြစ်သူ သတ်ဖြတ်ခံခဲ့ရတဲ့ ရှီရာ အက်စကူဒါရို ဆိုသူက ပြောပါတယ်။
ဒူတာတေးဟာ လူသတ်တပ်ဖွဲ့တွေ တည်ထောင်ပြီး ရန်ပုံငွေ ထောက်ပံ့ခဲ့သလို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ ICC ဖမ်းဝရမ်းမှာ ဖော်ပြထားပါတယ်။
ဒူတာတေးရဲ့ သမ္မတသက်တမ်းအတွင်း မူးယစ်ဆေးဝါး နှိမ်နှင်းချိန်မှာ သံသယရှိသူ ၆၂၀၀ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။
ဒါပေမဲ့ အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ အဲဒီပမာဏထက် အများကြီး ပိုနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောထားပြီး ICC ရှေ့နေတွေက လူ ၃၀၀၀၀ လောက်အထိ သေဆုံးခဲ့ဖွယ်ရှိတယ်လို့ ပြောထားပါတယ်။
ကိုယ့်ကိုယ်ကို ခုခံတဲ့အနေနဲ့ပဲ ပစ်ခတ်တိုက်ခိုက်ဖို့ ရဲတပ်ဖွဲကို ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ဒူတာတေးက အခိုင်အမာ ပြောဆိုခဲ့တာ ကြာပြီ ဖြစ်ပြီး နှိမ်နှင်းမှုကို ကာကွယ် ပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ မူးယစ်ဆေးနှိမ်နှင်းမှုအတွက် ထောင်ထဲမှာ အရိုးဆွေးသွားမယ်ဆိုရင်လည်း သူ့အနေနဲ့ အဆင်သင့်ပဲလို့ ဒူတာတေးက ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။
ဒူတာတေးရဲ့ မိသားစုကတော့ အခု တရားရုံး ဆုံးဖြတ်ချက်ကို စိတ်အေးလက်အေး လက်ခံတယ်လို့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
Ref:Reuters

