ဘာလင်၊ နိုဝင်ဘာ ၂၉
ကလေးပုံစံတူ လိင်ဖျော်ဖြေရေး အရုပ်တွေ နိုင်ငံတွင်းမှာ ရောင်းချမှု ရှိကြောင်း စောစောပိုင်းက သတင်းထွက်လာပြီးနောက် အွန်လိုင်းကတဆင့် အဲဒီလို အရုပ်တွေ ရောင်းချမှုကို တိုက်ဖျက်သွားမှာ ဖြစ်ကြောင်း ဆွီဒင်အစိုးရက နိုဝင်ဘာ ၂၈ ရက်မှာ ကတိပြုလိုက်ပါတယ်။
မိခင်တစ်ယောက်အနေနဲ့ အဲဒီလို အရုပ်တွေကို အွန်လိုင်းပေါ်မှာ မြင်တွေ့ရတဲ့အတွက် အမှန်တကယ် စိတ်ကြေကွဲရတာကြောင့် မိဘများ အားလုံးကိုယ်စား အရေးယူဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ဆွီဒင် လူမှုရေး ဝန်ဆောင်မှုဝန်ကြီး ကာမယ်လာ ဝါတာဆင် ဂရွမ်ဘောလ်က အေပီ သတင်းဌာနသို့ ပြောပါတယ်။

အဲဒီ ထုတ်ကုန်မျိုးတွေ ဘယ်နေရာမှာ ရောင်းလို့၊ ဝယ်လို့ မရရှိစေရေး သေချာအောင် ဆွီဒင် အစိုးရက ဆောင်ရွက်လိုကြောင်း ကာမယ်လာက ပြောပါတယ်။
အီလက်ထရွန်နစ် စီးပွားရေး ကုမ္ပဏီတွေက အဲဒီလို အရုပ်တွေ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် တုံ့ပြန်ရေး ဆွီဒင်အစိုးရက နိုဝင်ဘာ ၂၈ ရက်က အစည်းအဝေး ကျင်းပခဲ့ပြီးနောက် ကာမယ်လာရဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအစည်းအဝေးမှာ ကလေးသူငယ် ကာကွယ်ရေးအဖွဲ့တွေနဲ့ အွန်လိုင်း ဈေးရောင်းသူတွေနဲ့ အစိုးရ အေဂျင်စီတွေ ပါဝင်ကြောင်း သိရပါတယ်။
အွန်လိုင်း ဈေးရောင်းတဲ့ ဝက်ဘ်ဆိုက်တွေကလည်း ကလေးသူငယ်တွေနဲ့တူတဲ့ လိင်ဖျော်ဖြေရေး အရုပ်တွေ ရောင်းချမှု မရှိစေရေး သေချာစေမယ့် အစီအစဉ်တွေ ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေဟာ လုံလောက်မှု ရှိပါသလားဆိုတဲ့ မေးခွန်းကို ကာမယ်လာက မိမိတို့ အနေနဲ့ အနီးကပ် ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အပြင် နောက်ထပ် အရေးယူဆောင်ရွက်ဖို့ လိုအပ်လာရင်လည်း တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာနဲ့ အွန်လိုင်း စော်ကားမှုတွေကို ကြိုတင် ကာကွယ်ရေး ခြေလှမ်းတွေ အပါအဝင် ကလေးသူငယ်တွေကို အကြဖမ်းဖက်မှုကနေ ကာကွယ်ပေးရေး အစိုးရက ဗျူဟာ တစ်ရပ် ပြင်ဆင်ထားကြောင်း ကာမယ်လာက ဆိုတာပါ။
Amazon နဲ့ တခြား အွန်လိုင်းဈေးရောင်း ပလက်ဖောင်းတွေက ကလေးငယ်တွေနဲ့ တူတဲ့ လိင်ဖျော်ဖြေရေး အရုပ်တွေကို ရောင်းချနေကြောင်း ကလေးသူငယ် ကာကွယ်ရေး အုပ်စုတွေကို ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီးနောက် ဆွီဒင်မှာ အွန်လိုင်းက အဲဒီလို အရုပ်တွေ ရောင်းချနေကြောင်း အများပြည်သူ အာရုံစိုက်မိလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို အရုပ်တွေဟာ ၁ မီတာလောက် မြင့်ပြီး ကျောင်းဝတ်စုံတွေနဲ့ ရောင်းချနေတာ ဖြစ်သလို လိင်ပိုင်းဆိုင်ရာ အသားပေးဖော်ပြချက်တွေနဲ့ ကြော်ငြာရောင်းချနေကြတာ ဖြစ်ပါတယ်။
ဆွီဒင် ဥပဒေအရ ကလေးငယ်တွေအဖြစ် ပုံဖော်ထားတဲ့ လိင်ဖျော်ဖြေရေး အရုပ်များ ရောင်းဝယ်မှုကို တားမြစ်ထား ပါတယ်။
Ref:AP

