ကင်ရှာဆာ၊ နိုဝင်ဘာ ၂၉
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ ငြိမ်းချမ်းရေး ရရှိရေး ရည်ရွယ်ပြီး ကွန်ဂိုသမ္မတ ဖီးလစ် တီစီကဒီ လာမယ့်သီတင်းပတ် ဝါရှင်တန်သို့ သွားရောက်ပြီး ရဝမ်ဒါသမ္မတနဲ့ အပြီးသတ် သဘောတူညီမှု လက်မှတ်ရေးထိုးမှာ ဖြစ်ကြောင်း ကွန်ဂိုအစိုးရက နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ဦးဆောင်တဲ့ လများစွာကြာ သံတမန်ရေး ကြိုးပမ်းမှုတွေအပြီး ယခု သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကွန်ဂိုအစိုးရက တိုက်ပွဲတွေ ဖြစ်နေတဲ့ နိုင်ငံအရှေ့ပိုင်းရှိ M23 လက်နက်ကိုင်တွေကို ရဝမ်ဒါရဲ့ ထောက်ပံ့ပေးမှု အဆုံးသတ်တဲ့ အခြေအနေအပေါ်မူတည်ပြီး သဘောတူညီမှု လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ မကြာခဏ ပြောဆိုထားပါတယ်။
အဲဒီ သဘောတူညီမှုနဲ့ပတ်သက်လို့ ရဝမ်ဒါသမ္မတ ပေါလ် ကာဂါမီက အကောင်းမြင်ကြောင်း ဖော်ပြခဲ့ပြီးနောက် တစ်ရက်အကြာမှာ ကွန်ဂိုသမ္မတ တီစီကဒီက ဒီဇင်ဘာ ၄ ရက်မှာ အပြီးသတ် သဘောတူညီမှု လက်မှတ်ရေးထိုးသွားမှာ ဖြစ်ကြောင်း အတည်ပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တိုက်ရိုက် ပတ်သက်နေသူတွေက အောင်မြင်တဲ့ ရည်မှန်းချက်တွေ ရရှိရေး ကတိထားမှပဲ ကွန်ဂို အရှေ့ပိုင်းဒေသမှာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာ ဖြစ်တယ်လို့ သမ္မတ တီစီကဒီက ပြောပါတယ်။

ကွန်ဂို အရှေ့ပိုင်းမှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် အဖွဲ့ ၁၀၀ လောက်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အင်အား အကောင်းဆုံးကတော့ ရဝမ်ဒါ ထောက်ပံ့ထားတဲ့ M23 လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။
အဲဒီ ပဋိပက္ခဟာ အခုနှစ်အတွင်း အရှိန်မြင့်တက်လာခဲ့ပြီး M23 လက်နက်ကိုင်အဖွဲ့က ဒေသတွင်း အဓိကမြို့တွေဖြစ်တဲ့ ဂိုမာနဲ့ ဘူကာဗူမြို့တို့ကို သိမ်းပိုက်လိုက်တာကြောင့် ကမ္ဘာပေါ်မှာ အကြီးမားဆုံးတွေထဲက တစ်ခု ဖြစ်နေတဲ့ လူသားချင်း စာနာရေး ပြဿနာ ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။
ရဝမ်ဒါအစိုးရက တပ်ဖွဲ့ဝင် အင်အား ၃၀၀၀ နဲ့ ၄၀၀၀ကြားကို M23 လက်နက်ကိုင်တွေနဲ့ အတူ ကွန်ဂို အရှေ့ပိုင်းသို့ ချထားတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ရဝမ်ဒါက အဲဒီလို ထောက်ပံ့ကူညီမှု မရှိဘူးလို့ ငြင်းဆိုထားပေမယ့် သူတို့ နယ်နိမိတ်တွေကို ကာကွယ်ရေး ပဋိပက္ခအတွင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ထားတယ်လို့ ပြောထားပါတယ်။
ကွန်ဂိုနဲ့ ရဝမ်ဒါ နိုင်ငံခြားရေးဝန်ကြီးတို့ ဇွန်လက လက်မှတ်ရေးထိုးခဲ့တဲ့ စောစောပိုင်း သဘောတူညီမှု အရ ရဝမ်ဒါတပ်တွေ ပြန်လည် ဆုတ်ခွာရေး သဘောတူညီထားပြီး ဖြစ်ပါတယ်။
အခုလက်မှတ်ထိုးဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုမှာ M23 တိုက်ခိုက်ရေးသမားတွေ ပါဝင်မှု မရှိစေရဘူးလို့ ကွန်ဂိုသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ တီနာ ဆာလာမာက ပြောထားပါတယ်။
Ref:AP

