ကျိုက်ထို၊ နိုဝင်ဘာ ၂၉
မွန်ပြည်နယ်ရဲ့ ကျိုက်ထိုမြို့နဲ့သထုံမြို့တို့မှာ စစ်တပ် ရွေးကောက်ပွဲ အလိုမရှိကြောင်းနဲ့ သပိတ်မှောက်ကြဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့လူငယ်တွေက လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
လုံခြုံရေးတင်းကျပ်ထားတဲ့ သထုံမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က တက်ကြွလှုပ်ရှားသူ လူငယ်တချို့ဟာ နောင်ဘိုကျေးရွာ သထုံမြို့ဝင်ဆိုင်းဘုတ်မှာ စစ်တပ် ရွေးကောက်ပွဲ မဲမပေးဘဲ သမိတ်မှောက်ဖို့ စာရွက်ကပ် လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အလားတူ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့ ရှမ်းဈေး၊ စာသင်ကျောင်းအနီးတဝိုက်နဲ့ကျေးရွာတချို့ရဲ့လမ်းတွေမှာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ လမ်းပေါ် ကြဲချခဲ့တာတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း လှုပ်ရှားမှုမှာ သင့်မဲနဲ့ တရားဝင် လူသတ်ခွင့်မပေးဖို့၊ သင့်ကြောင့် စစ်အာဏာရှင် သက်ဆိုးမရှည်စေဖို့၊ ပြည်သူ့ဆန္ဒမပါတဲ့ ရွေးကောက်ပွဲ အလိုမရှိဆိုတဲ့ စာသားတွေ ရေးသားဖော်ပြခဲ့ကြပါတယ်။
စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ကြဖို့ ဆန္ဒပြ လှုပ်ရှားသူတွေကို စစ်ကော်မရှင်ဘက်က ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေပေမယ့် လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။
အာဏာသိမ်း စစ်ကော်မရှင်ဟာ သူတို့ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရန်ကုန်မြို့နေ လူငယ် သုံးဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထောင်ဒဏ် အနှစ် ၅၀ နီးပါး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ကို ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းပါ စာရွက်ဆုတ်ဖြဲမှု စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

