ဝါရှင်တန်၊ နိုဝင်ဘာ ၂၈
နိုင်ငံပေါင်း ၁၉ နိုင်ငံကနေ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ထုတ်ပေးထားတဲ့ အစိမ်းရောင်ကတ်တွေကို ပြန်လည် စစ်ဆေးသွားမှာ ဖြစ်ကြောင်း ထရန့် အစိုးရက ပြောပါတယ်။
သက်ဆိုင်ရာ နိုင်ငံတိုင်းက လာရောက်နေထိုင်းတဲ့ နိုင်ငံခြားသားအားလုံးအတွက် ထုတ်ပေးထားတဲ့ အစိမ်းရောင်ကတ် အားလုံးကို ရာနှုန်းပြည့် အသေအချာ ပြန်လည် စစ်ဆေးရေး သမ္မတက ညွှန်ကြားထားတယ်လို့ အမေရိကန်နိုင်ငံသား ဖြစ်မှုနဲ့လူဝင်မှု ကြီးကြပ်ရေးဌာန အကြီးအကဲ ဂျိုးဆပ် အက်လိုးက ပြောလိုက်တာပါ။

အဲဒီ စာရင်းမှာ ပါဝင်တဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ ဘီဘီစီသတင်းဌာနက မေးမြန်းရာမှာ အဲဒီ အေဂျင်စီက အိမ်ဖြူတော်ရဲ့ ဇွန်လ ကြေညာချက်ကို ထောက်ပြပြီး အဲဒီစာရင်းထဲမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်၊ ကွန်ဒိုသမ္မတနိုင်ငံ၊ အီကွေတိုရီယ် ဂူနီယာ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဆန်၊ ယီမင်၊ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီရာယာ လီယွန်း၊ တိုဂို၊ တာ့ခ်မစ်နစ္စတန်နဲ့ ဗင်နီဇွဲလားလို့ ပါဝင်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်က ဝါရှင်တန်ဒီစီမှာ အမျိုးသားအစောင့် တပ်ဖွဲ့ဝင်တွေကို အာဖဂန်နစ္စတန်နိုင်ငံသား တစ်ယောက်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် နှစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ ကြုံနေချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သံသယရှိသူ ရာမန်နူလာ လာကန်ဝဲလ်ဟာ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ပြန်ထွက်ခွာချိန် အာဖဂန်နစ္စတန်နိုင်ငံသားတွေအတွက် အထူး ရွှေ့ပြောင်းနေထိုင်မှု အကာအကွယ်ပေးတဲ့ အစီအစဉ်နဲ့ ၂၀၂၁ ခုနှစ်မှာ အမေရိကန်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ပစ်ခတ်မှုက ကြီးမားတဲ့ အမျိုးသားလုံခြုံရေးအန္တရာယ်ကို ဖော်ပြနေတယ်လို့ ထရန့်က ပြောပါတယ်။
အကြီးအကဲ အက်လိုးက အစိမ်းရောင်ကတ်တွေ စစ်ဆေးမှာ ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်က လူမှုမီဒီယာမှာ ဖော်ပြထားပေမယ့် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဖော်ပြထားတာ မတွေ့ရပါဘူး။
အမေရိကန်နဲ့ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ရေး အရေးကြီးနေဆဲ ဖြစ်ပြီး အရင်အစိုးရရဲ့ နိုင်ငံခြားသားတွေကို မဆင်မခြင် ပြန်လည် နေရာချထားမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို အမေရိကန် ပြည်သူတွေ မခံရသင့်ဘူးလို့ အက်လိုးက ပြောပါတယ်။
ပြန်လည် စစ်ဆေးမှု ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာနဲ့ပတ်သက်လို့ နောက်ထပ် အသေးစိတ်ကို မသိရသေးပါဘူး။
နိုင်ငံခြား အကြမ်းဖက်သမားတွေ၊ တခြား အမျိုးသားလုံခြုံရေး ပြည်သူလူထု ဘေးကင်းရေး အန္တရာယ်တွေ အမေရိကန်သို့ ဝင်ရောက်မလာစေရေး ကာကွယ်ဖို့ နိုင်ငံခြားသားတွေကို တားမြစ်ဖို့ ရည်ရွယ်ထားကြောင်း အိမ်ဖြူတော်ရဲ့ ဇွန်လ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ၊ စီးပွားရေး၊ ကျောင်းသား၊ ကမ္ဘာလှည့်ခရီးသွား ဗီဇာတွေနဲ့ ဝင်ရောက်လာပြီး သတ်မှတ်ကာလထက် ကျော်လွန်နေထိုင်မှုတွေကြောင့် အခုလို စာရင်း ပြုစုပြီး စစ်ဆေးဖို့ စီစဉ်တာ ဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့အဖြစ် အထူး သတ်မှတ်ထားတဲ့ တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်ကို ထိန်းချုပ်ထားတယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၆ ရက်က အမေရိကန် စစ်သားတွေကို တိုက်ခိုက်မှုကြောင့် ထရန့်အစိုးရက အင်တိုက်အားတိုက် တုံ့ပြန်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အစိုးရက ကမ္ဘာတဝှမ်းလုံးက ဘယ်သူတွေမှန်း မသိတဲ့ စစ်ဆေးမှု မရှိတဲ့ နိုင်ငံခြားသား သန်း ၂၀ ကို အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့် ပြုခဲ့တယ်လို့ ထရန့် အစိုးရက ပြောပါတယ်။
မိမိတို့ရဲ့ ရှင်သန်ရေးအတွက် အန္တရာယ်ရှိလာတဲ့ အခြေအနေကို ဘယ်နိုင်ငံကမှာ သည်းခံ နိုင်မှာ မဟုတ်ဘူးလို့လည်း ထရန့် အစိုးရက ပြောထားပါတယ်။
Ref:BBC

