ပါရီ၊ နိုဝင်ဘာ ၂၆
ပြင်သစ်နိုင်ငံမှာ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းခဲ့ပြီးနောက် ဆယ်စုနှစ် ၃ စုလောက်မှာ ပိုမိုကြီးထွားလာနေတဲ့ ရုရှားအန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် သမ္မတ အမ်မန်နျူရယ် မက်ကရွမ်က ဆန္ဒအလျောက် စစ်မှုထမ်းရမယ့် ဥပဒေကို ပြန်လည် ပြဌာန်းရေး အခုသီတင်းပတ်အတွင်း ကြေညာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ပြင်သစ် အရှေ့တောင်ပိုင်းရှိ ခြေမြန်တပ်မ တစ်ခုသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း နိုင်ငံ့ ခေါင်းဆောင်က အခုအစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်တယ်လို့ အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သိထားတဲ့ သတင်းရင်းမြစ်တွေ တော်တော်များများက AFP သတင်းဌာနကိုပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုဟာ ယူကရိန်းနယ်စပ်တွေလောက်မှာပဲ ရပ်တန့်သွားမှာ မဟုတ်ကြောင်း သမ္မတ မက်ကရွမ်နဲ့ တခြား ပြင်သစ်အရာရှိတွေက သတိပေးထားမှုနဲ့အတူ ယူကရိန်းသို့ ရုရှား အင်အားပြည့် ကျူးကျော်တိုက်ခိုက်မှု သုံးနှစ်ခွဲကျော်လာတဲ့အချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရုရှားက ၂၀၃၀ ပြည့်နှစ်မှာ မိမိတို့ နိုင်ငံတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်နေတာကြောင့် ပြင်သစ်အနေနဲ့ ကလေးငယ်တွေကို ဆုံးရှုံးရဖို့ အသင့်ပြင်ထားရမှာ ဖြစ်ကြောင်း ပြင်သစ် ထိပ်တန်းဗိုလ်ချုပ် ဖာဘီယန် မွန်ဒီက ပြီးခဲ့တဲ့ သီတင်းပတ်က သတိပေးထားပါတယ်။

နိုင်ငံတော် စစ်မှုထမ်းဥပဒေကို ပုံစံအသစ် ပြောင်းလဲရေး နိုဝင်ဘာ ၂၆ ရက်မှာ ကြေညာသွားမှာ ဖြစ်ကြောင်း သမ္မတ မက်ကရွမ်က RTL သတင်းဌာနသို့ ပြောကြားခဲ့ပေမယ့် နောက်ထပ် အသေးစိတ်ကိုတော့ ပြောမထားပါဘူး။
ပထမဆုံး နှစ်မှာ လူ ၂၀၀၀ ကနေ ၃၀၀၀ အထိ စစ်ပညာသင်ကြားပေးဖို့ စီစဉ်ထားပြီး အဲဒီနောက်ပိုင်း အချိန်ကြာလာရင် တစ်နှစ်ကို လူ ၅၀၀၀၀ ကျော်အထိ စစ်မှုထမ်း ခေါ်ယူဖို့ စီစဉ်ထားကြောင်း အဲဒီကိစ္စကို သိထားပေမယ့် အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ရုရှားရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ပြင်သစ်အနေနဲ့ အားနည်းမှုကို မပြသင့်ဘူးလို့ ပြင်သစ်သမ္မတက သတိပေးထားပါတယ်။
ပြင်သစ်အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ချင်ရင် ကိုယ့်ကို ခြိမ်းခြောက်နေတဲ့ အင်အား အကြီးမားဆုံး နိုင်ငံကို အားနည်းကြောင်း ပြသနေလို့ မရကြောင်း သမ္မတ မက်ကရွမ်က ဆိုတာပါ။
ဒိန်းမတ်က စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ တင်းကြပ်မှုတွေ ပြုလုပ်ထားချိန်မှာ လတ်ဗီးယား၊ လစ်သူယေးနီးယားတို့လို ဘော်လ်တစ်ဒေသ နိုင်ငံတွေကလည်း မကြာသေးခင်နှစ်တွေက စစ်မှုထမ်းဥပဒေကို ပြန်အသက်သွင်းထားကြပါတယ်။
ဥရောပနိုင်ငံတွေရဲ့ စစ်မှုထမ်းဥပဒေက စစ်သားအင်အား တိုးမြှင့်ဖို့လောက်ပဲ မဟုတ်ဘဲ အနာဂတ် စစ်ပွဲအတွက် ကြိုတင် ပြင်ဆင်မှု ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ပြင်သစ် စစ်တပ်မှာ အမှန်တကယ် တိုက်ခိုက်နိုင်တဲ့ စစ်သား ၂ သိန်းရှိပြီး အရန်အင်အား ၄၇၀၀၀ ရှိပါတယ်။
အဲဒီ အင်အားကို ၂၀၃၀ ပြည့်နှစ်ရောက်ရင် ၂၁၀၀၀၀ နဲ့ ၈၀၀၀၀ အထိ အသီးသီး တိုးမြှင့်မယ်လို့ မျှော်လင့်ရပါတယ်။
စစ်ပွဲနဲ့ရင်ဆိုင်လာရတဲ့ အခြေအနေမှာ ရှင်သန်နိုင်ရေး တပ်အင်အားကို တိုးမြှင့်ဖို့ စီစဉ်ထားကြောင်းလည်း ပြင်သစ် ကြည်းတပ် ဦးစီးချုပ် ပီယာစီ ချေးလ်ကလည်း ပြောထားပါတယ်။
စစ်တပ် ပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ပြင်သစ်မှာ သမ္မတ ဂျက်ကွေး ချီရက်ဇ်က ၁၉၉၇ ခုနှစ်အတွင်း စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း အရင်ကလို မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ပြောဆိုမှုမျိုးတော့ အခုအချိန်အထိ မတွေ့ရသေးပါဘူး။
ကျား၊မရွေး လူငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းဖို့ မဲစနစ်နဲ့ ခေါ်ယူနေတဲ့ ဒိန်းမတ်လိုပဲ ဂျာမနီကလည်း စစ်မှုထမ်း ခေါ်ယူသင့်တယ်လို့ ပြောဆိုထားပေမယ့် ဂျာမနီ ညွှန့်ပေါင်း အစိုးရက ဆန္ဒအလျောက် စစ်မှုထမ်းမယ့် နိုင်ငံသားတွေကို ခေါ်ယူရေး အခု သီတင်းပတ် အတွင်း သဘောတူထားပါတယ်။
ဂျာမနီက ဥရောပမှာ အကြီးမားဆုံး စစ်တပ် တည်ဆောက်ဖို့လည်း ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Ref:AFP

