မော်လမြိုင် ၊ နိုဝင်ဘာ ၂၇

မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ပြည်တွင်းခရီးသွားတွေကို စစ်ဆေးမှု တင်းကျပ်နေတဲ့ ပြည်နယ်စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်တွင်းပြည်ပ ခရီးသွားတွေကို အဆင့်မီစွာ ဝန်ဆောင်မှု ပေးဖို့ ညွှန်ကြားလာပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ဝန်ကြီးချုပ်က လက် အောက်ခံဌာနဆိုင်ရာတွေ ပြင် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေကိုပါ ညွှန်ကြားခဲ့တာပါ။

စစ်ကော်မရှင်ခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ လာရောက်ခြင်းဖြင့် လူမှု စီးပွားဘဝတွေ ဖွံ့ဖြိုး တိုးတက် လာမှာ ဖြစ်တာကြောင့် ဒေသသာယာ လှပရေးနဲ့ တည်းခို နေထိုင်ရေးအတွက် အဆင့်မီစွာ ဝန်ဆောင်မှု ပေးဖို့ ပြောဆိုခဲ့ပါတယ်။

ဟိုတယ်လုပ်ငန်းရှင် တစ်ဦးကတော့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်ဖို့ ရှေ့ဟောင်း အဆောက်အဦတွေကိုပါ ပြုပြင်ခိုင်းတာ ရှိပေမယ့် လက်တွေ့မှာတော့ ပြည်တွင်းခရီးသွား တချို့ကို တည်းခိုခွင့် ကန့်သတ်ထားသလို စစ်ဆေးမှုတွေလည်း ကြပ်မတ်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ခရီးသွားလုပ်ငန်းကတော့ ကျွန်တော်တို့ နိုင်ငံခြားသားတွေပေါ့နော်။ ပြည်တွင်း ပြည်ပ ဧည့်သည်တွေ လာလို့ ရှိရင်တော့ သာသနိက အဆောက်အဦတွေပေါ့၊ ကျွန်တော်တို့ ရှေ့ဟောင်း အဆောက်အဦတွေ ထိန်းသိမ်းပြီး ပြုပြင် မွမ်းမံသွားပြီးတော့မှ လေ့လာလို့ ရအောင် ဆိုပြီးတော့ ဆောင်ရွက်သွားဖို့ ဆိုပြီး အဲဒါ မှာသွားတယ်။ ဟိုတယ် ၃ လုံးပေါ့နော်၊ ကျွန်တော်တို့ တော်ဝင်ဟင်္သာဟိုတယ်၊ နောက်တော့ ဟောင်သရောရယ်၊ နောက် Strand Hotel အဲဒီ ၃ နေရာမှာပဲ (၁၃/)တွေကို ပေးတည်းပါဆိုတော့ အဆင်ပြေအောင်တော့ လုပ်ထားပေးပါတယ်၊ အချိန်အခါအလိုက်ပေါ့နော် ရွေးကောက်ပွဲလည်း နီးပြီးဆိုတော့ စစ်ဆေးမှု ကြပ်မတ်တာကတော့ သေချာ ကြပ်မတ်ပြီး လုပ်နေတာတော့ ရှိပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို ခရီးသွားကဏ္ဍ မြင့်တင်ဖို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က အခုလို ညွှန်ကြားမှုတွေ လုပ်ဆောင်နေပေမယ့် လက်တွေ့မှာ စစ်ဆေးမှု တင်းကျပ်တာ၊ တချို့ ဒေသက ခရီးသွားတွေကို ဝင်ရောက်မှု ကန့်သတ်တာတွေအပြင် ဧည့်စာရင်း အခက်အခဲတွေလည်း ရှိနေတာပါ။

ခရီးသွား ဧည့်လမ်းညွှန် တစ်ဦးကတော့ လက်ရှိ တခြား ဒေသတွေက မွန်ပြည်နယ်ကို လာတယ်ဆိုတာ ပြည်နယ်က အေးချမ်းလို့ ဖြစ်ပေမယ့် အောက်ခြေမှာ စစ်ကော်မရှင် လက်အောက်ခံတွေက ခရီးသွားတွေကို အနိုင်ကျင့်တာတွေ ရှိတဲ့အတွက် ခရီးသွား ဘယ်လို မြှင့်တင်လို့ ရမလဲလို့ ဝေဖန်ပါတယ်။

“ဘယ်ပြည်နယ်ကပဲလာလာပေါ့နော်။ ပြောချင်တဲ့ အဓိပ္ပာယ်က ကချင်ပြည်နယ်ပဲ လာလာ မြစ်ကြီးနား လာလာ ရှမ်းပြည်နယ်ပဲ လာလာ မွန်ပြည်နယ် လာကြတယ်။ မွန်ပြည်နယ်မှာ အေးချမ်းလို့လေ။ အဲဒီလိုလာကြတယ်ဆိုရင် မွန်ပြည်နယ်မှာ လာတဲ့ လူတွေကို ကြိုဆိုရမယ်လေ၊ တစ် အချက်ပေါ့၊ ပြီးရင် စိစစ်ပေါ့နော်၊ ကိုယ့်ရဲ့ လုံခြုံရေးအရ စိစစ်ပေါ့။ အဲဒီလိုမျိုး အဆင့်ဆင့်တွေ လုပ်ရမှာပေါ့နော်။ လာသမျှ လူတွေ အကုန်လုံးကို အောက်ခြေမှာ ဖြစ်နေတာက နည်းနည်း ပရမ်းပတာ နိုင်တာပေါ့နော်။ ကိုယ်အသာစီးရရင် အနိုင်ကျင့်တဲ့ သဘောတွေပါနေတယ်၊ အများကြီးပဲ တွေ့နေရတယ်၊ ဆိုတော့ ဘယ်လိုလုပ် ပြောရမလဲ၊ ခရီးသွား ဘယ်လို မြှင့်တင်မှာလဲ”လို့ ဆိုပါတယ်။

တဖက်မှာ မွန်ပြည်နယ် စစ်ကော်မရှင်ဟာ ရှမ်းပြည်နယ် မှတ်ပုံတင်ဖြစ်တဲ့ (၁၃/) နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတွေကို မော်လမြိုင်ခရိုင်အတွင်း လာရောက် လည်ပတ်ပါက စက်တင်ဘာ ၁၇ ရက်နေ့က စပြီး သူတို့ သတ်မှတ်ထားတဲ့ ဟိုတယ် ၂ ခုနဲ့ မိုတယ် ၁ ခုမှာသာ တည်းခိုလို့ရမယ်ဆိုပြီး ကန့်သတ်လိုက်တာပါ။

ဒါ့အပြင် မွန်ပြည်နယ်အတွင်း ဝင်ရောက်မယ့် ခရီးသွားတွေကို မြို့ဝင်၊ မြို့ထွက် ဂိတ်တွေမှာ အတင်းအကျပ် စစ်ဆေးတာ၊ ငွေကြေး အဆမတန် တောင်းခံတာ၊ မထင်ရင် မထင်သလို ဖမ်းဆီးတာအပြင် ဧည့်စာရင်း စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင် နေတာကြောင့် ခရီးသွားတွေအတွက် အခက်အခဲ ဖြစ်စေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က ခရီးသွားကဏ္ဍ မြှင့်တင်ဖို့အတွက် ဆိုကာ မကြာခဏ အစည်းအဝေးတွေ လုပ်ဆောင်နေပေမယ့် တချို့ဒေသတွေမှာ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် လုံခြုံမှု မရှိတဲ့အတွက် ခရီးသွား ဝင်ရောက်မှုဟာ အရင် အစိုးရလက်ထက်ကလောက် သိသိသာသာ များလာတာ မရှိဘူးလို့ ဧည့်လမ်းညွှန်တွေက ပြောဆိုနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.