မော်လမြိုင်၊ နိုဝင်ဘာလ ၂၇

ကရင်ပြည်နယ် ဘားအံမြို့နဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နေ ဒေသခံ ၂ ဦး ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေနဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ သီရိလမ်း၊ ကမော့ကစင်ရွာသစ်ဘုန်းကြီးကျောင်းမုခ်ဦးအနီးမှာ စိုက်ထူထားတဲ့ ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်ကို ဆုတ်ဖြဲတယ်ဆိုပြီး အမှတ် ၉ ရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ် ကိုထက်နေလင်းကို ရဲအဖွဲ့ဝင်တွေက နေအိမ်ကနေ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် ဘားအံမြို့မရဲစခန်းမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ၇ ရက်မှာ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် ကားလမ်းပေါ်မှာ “ရွေးကောက်ပွဲကိုဆန့်ကျင်ကြ” ဆိုတဲ့ စာသားတွေရေးသားခဲ့တာကြောင့် သရက်ချောင်းမြို့နေ အသက် ၃၁ နှစ်အရွယ် ကျော်ကျော်(ခ)ညီညီကို နိုဝင်ဘာ ၁၈ ရက်မှာ သရက်ချောင်းမြို့မရဲစခန်းမှာ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၃(ခ)နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးဖို့လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့မှာ ဘားအံမြို့က အမျိူးသား ၂ ဦးကိုလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် စောအောင်မြင့်ဦးရဲ့ မဲဆွယ် ဆိုင်းဘုတ် ဖျက်ဆီးမှုနဲ့ဖမ်းဆီးပြီး ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားပါသေးတယ်။

စစ်ကော်မရှင်က သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲကို အကြောင်းတစ်ခုခုနဲ့ နှောင့်ယှက်ဟန့်တားမယ့်သူတွေကို ဥပဒေထုတ်ပြီး တင်းတင်းကြပ်ကြပ် ဖမ်းဆီးတရားစွဲတာတွေ ပြုလုပ်နေပါတယ်။

အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေ၊ အများပြည်သူဆိုင်ရာနေရာတွေမှာ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စတာတွေနဲ့ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းတွေ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကို ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်နေတယ်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့အထိ အဲဒီ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူခံထားရသူ ၁၀၀ ထက်မနည်းရှိနေပြီလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.