တိုင်ပေ၊ နိုဝင်ဘာ ၂၆
တရုတ်ရဲ့ ပိုများလာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ရေး ထပ်တိုးဘက်ဂျက် ဒေါ်လာ ၄၀ ဘီလီယံ သုံးစွဲဖို့ စီစဉ်နေကြောင်း ထိုင်ဝမ် သမ္မတ လိုင်ချင်းတီက နိုဝင်ဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်ကို သူတို့ကိုယ်ပိုင် နယ်မြေ တစ်ခုအနေနဲ့ ရှုမြင်ထားတဲ့ တရုတ်က သူတို့ အပိုင် ဖြစ်ကြောင်း ပြောဆိုမှု အတည်ဖြစ်စေဖို့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း နိုင်ငံရေးအရရော စစ်ရေး အရပါ အရှိန်မြှင့်ဖိအားပေးနေပေမယ့် ထိုင်ဝမ်က ပယ်ချထားပါတယ်။

အမေရိကန်က ဥရောပကို ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေး ဖိအားပေးနေသလိုပဲ ထိုင်ဝမ်ကိုလည်း ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ဖို့ တိုက်တွန်းထားပါတယ်။
၂၀၃၀ ပြည့်နှစ်မတိုင်ခင် ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်း ထုတ်ကုန်တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ မျှော်လင့်ထားတယ်လို့ သမ္မတ လိုင်က သြဂုတ်လအတွင်း ပြောကြားခဲ့တာပါ။

ကာကွယ်ရေးအတွက် ၃၉ ဒသမ ၈၉ ဘီလီယံ သုံးစွဲမယ့် အစီအစဉ်ကို ကြေညာရင်းနဲ့ ထိုင်ဝမ်သမ္မတက မိမိတို့ဟာ ကျွန်ပြုခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောထားပါတယ်။
အမျိုးသားလုံခြူံရေးနဲ့ပတ်သက်လို့ မိမိတို့မှာ ညှိနှိုင်းစရာ နေရာမရှိဘူးလို့ လိုင်ချင်းတီက သမ္မတရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
နိုင်ငံတော် အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အဓိက တန်ဖိုးတွေဟာ မိမိတို့နိုင်ငံရဲ့ အခြေခအုတ်မြစ် ဖြစ်တယ်လို့လို့လည်း သူက ဖြည့်စွက် ပြောပါတယ်။
ထိုင်ဝမ်အနေနဲ့ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဖြစ်ကြောင်း သမ္မတလိုင်က ဆိုတာပါ။
ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုနဲ့အတူ ထိုင်ဝမ်က အမေရိကန်ဆီကနေ လက်နက်တွေ ထပ်မံ ဝယ်ယူဖို့ စီစဉ်ထားပါတယ်။
ထိုင်ဝမ်ရဲ့ ကာကွယ်ရေး စွမ်းပကားကို သိသိသာသာ တိုးမြှင့်သွားမှာ ဖြစ်ကြောင်း လိုင်ချင်းတီက ပြောပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်က ထိုင်ဝမ်ဒေါ်လာ သန်း ၃၃၀ တန်ဖိုးရှိ လက်နက်တွေ ရောင်းချဖို့ များမကြာမီက ခွင့်ပြုထားပါတယ်။
ဒါပေမဲ့ တရုတ်နဲ့ ပိုရင်းနှီးတဲ့ ဆက်ဆံရေးကို အလိုရှိနေတဲ့ အဓိက အတိုက်အခံ ကူမင်တန် ပါတီကြောင့် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေး လွှတ်တော်ရဲ့ ခွင့်ပြုချက် ရရှိဖို့ ထိုင်ဝမ်အစိုးရအနေနဲ့ အခက်ကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။
Ref:Agencies

