မော်လမြိုင် ၊ နိုဝင်ဘာ ၂၆

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူခဲ့မှုမှာ ပါဝင်သူတွေကို နိုင်ငံတော်ပုန်ကုန်မှု ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတ်မှတ်ကြေညာပါတယ်။

NUG ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်အရ အမိန့်ကြော်ငြာစာကို နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ ခေါ်ယူခဲ့ပြီး လူထုက ‌ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်းဆီးကာ နိုင်ငံတော် ပုန်ကုန်မှုကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူကာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ အဓိကတရားခံတွေ ဖြစ်သူတွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ကနေ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”က တာဝန်ပေး ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့အဆက်ဆက်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီလည်း အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာကြောင့် အဲဒီကောင်စီအဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားပါသေးတယ်။

NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ဥပဒေအရ အရေးယူနိုင်ရေး ကြိုးပမ်းသွားမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ပူးပေါင်းကြဖို့ တိုက်တွန်းထားတာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုအတွင်း ခေါ်ယူခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့သူ ဦးမြင့်ဆွေကတော့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကော်မရှင်ကနေ နိုင်ငံရေးတရားဝင်မှုရဖို့ ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်ခံအစိုးရတစ်ရပ်ဖြစ်ရေး လာမယ့် နှစ်ကုန်ပိုင်းမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.