ကျောက်မဲ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီ ပြန်လည်စိုးမိုးထိန်းချုပ််ထားတဲ့ ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအုပ်စု ခိုရောင်းရွာမှာ တောင်ယာသွားတဲ့ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ရိုး နှစ်ဖက်လုံးကျိုးသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် မနက် ၁၀ နာရီအချိန် ကျောက်မဲမြို့နယ် ခိုရောင်းရွာခံ အသက် ၃၈ နှစ်အရွယ် ဦးအောင်ပန်းဟာ စပါးခင်းကြည့်ဖို့ သွားတဲ့လမ်း တောင်ယာမရောက်ခက်မှာ မြေမြှုပ်မိုင်း နင်းမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီမိုင်းနင်းမိတဲ့ဖြစ်စဉ်မှာ ဦးအောင်ပန်းနဲ့အတူ လိုက်ပါလာတဲ့ သူငယ်ချင်းဖြစ်သူသာ အသေးစား ဒဏ်ရာသာ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ ဦးအောင်ပန်းကိုတော့ ပြင်ဦးလွင်ဆေးရုံလွှဲလိုက်တာဖြစ်ကြောင်း ဇနီးဖြစ်သူက ဆိုပါတယ်။
မြေမြှုပ်မိုင်းနင်းမိတဲ့နေရာဟာ ယခင်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကော်မရှင်တပ််တို့ သွားလာလှုပ်ရှားလေ့ရှိတဲ့ နေရာဖြစ်ပြီး အခုမိုင်းကို မည်သည့်လက်နက်ကိုင်အဖွဲ့က ထောင်ထားတာကို မသိရှိကြောင်း ဦးအောင်ပန်းရဲ့ ဇနီးသည်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေကြောင့် သေဆုံးသူအရေအတွက်မှာ ကမ္ဘာမှာအများဆုံး ဖြစ်လာပြီး သေဆုံးသူအရေအတွက်မှာ တခြားနိုင်ငံတွေထက် ကျော်လွန်ပြီး ကမ္ဘာ့အများဆုံးဖြစ်လာခဲ့ကြောင်း ကုလသမဂ္ဂက ထောက်ပြ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Ta’ang Women’s Organization

