မြဝတီ နိုဝင်ဘာ ၂၆

ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် DKBA ရဲ့ အကာအကွယ်အောက်မှာ လည်ပတ်နေတဲ့ ဖလူး(မင်းလက်ပံ)ဒေသရှိ နိုင်ငံတကာရာဇဝတ်မှုနဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို ထိရောက်စွာ နှိမ်နင်းနိုင်ရေး နိုင်ငံတကာက လေးနက်မြန်ဆန်စွာ ပူးပေါင်းပါဝင်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က နိုဝင်ဘာ ၂၅ ရက်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့က မြ၀တီမြို့တောင်ဘက် ဖလူး(မင်းလက်ပံ)ဒေသအနီးမှာ စစ်တပ်က ထိုးစစ်ဆင်ခဲ့ရာ KNU တပ်ဖွဲ့တွေနဲ့ တိုက်ပွဲကြီးဖြစ်ပွားနေချိန် DKBA ဗိုလ်မှူးကြီးနိုင်လွင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက စစ်တပ်ဖက်ကနေပြီး KNU တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီ ဗိုလ်မှူးကြီးနိုင်လွင်ကို တိုက်ရိုက်ကွပ်ကဲတဲ့ DKBA ခေါင်းဆောင် စိုင်းကျော်လှဟာ နိုင်ငံတကာရာဇဝတ်မှုနဲ့ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေလို့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူခံရတဲ့ DKBA ခေါင်းဆောင် ၄ ဦးအနက် တစ်ဦးဖြစ်ပါတယ်။

KNU တပ်ဖွဲ့တွေက DKBA တပ်စွဲထားတဲ့ စခန်းနေရာကို ရှင်းလင်းရာမှာ DKBA တပ်ဖွဲ့ဝင်အနည်းဆုံး ၂၃၀ ဦး လက်နက်ချပြီး အဲဒီ စခန်းကိုလည်း ထိန်းသိမ်းနိုင်ခဲ့သလို အဲဒီ DKBA တပ်စွဲထားတဲ့နေရာဟာ နိုင်ငံပေါင်းစုံက ထောင်ချီတဲ့လူတွေကို ဂိတ်အထပ်ထပ်ပိတ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ခြံဝင်းဖြစ်နေကြောင်း KNU တပ်ဖွဲ့တွေက တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

KNU တပ်ဖွဲ့တွေဟာ အံဒီ ခြံဝင်းပတ်လည်မှာ ခွင့်ပြုချက်မရှိဘဲ သွားလာမှုကို ကန့်သတ်တာနဲ့ ရာဇဝတ်မှုလုပ်ငန်းတွေမှာ ပါဝင်သူတွေ ထွက်ပြေးမှုမရှိစေဖို့ လုံခြုံရေးချမှတ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့က KNU ဟာ ပိတ်မိနေသူတွေကို ဘေးကင်းရာဆီ ပို့ဆောင်နိုင်ရေးနဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေမှာ ကွင်းဆင်းအကဲဖြတ်ဖို့ မြေပြင်အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး KNU ခေါင်းဆောင်ပိုင်းတွေဟာ သက်ဆိုင်ရာ ထိုင်းနဲ့ နိုင်ငံတကာအာဏာပိုင်တွေ၊ အေဂျင်စီတွေထံ ချက်ချင်းအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကို စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့နဲ့လမ်းညွှန်မှုရရှိဖို့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ခြံဝင်းထဲမှာပိတ်မိနေသူတွေကို ခွဲခြားသတ်မှတ်တာ၊ ကာကွယ်စောင့်ရှောက်တာနဲ့ ဘေးကင်းစွာနေရပ်ပြန်ပို့တာအပြင် သက်သေအထောက်အထား စုဆောင်းခြင်းဆိုင်ရာ အကြံဉာဏ်တွေ တောင်းခံခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် KNU ဒုဥက္ကဌနဲ့ အကြီးတန်း KNU/KNL A ခေါင်းဆောင်တွေဦးဆောင်တဲ့ အဆင့်မြင့် KNU မူဝါဒအဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုနဲ့ လိမ်လည်မှု တိုက်ဖျက်ရေးအစီအစဉ်တွေအားလုံးကို ထိရောက်စွာစီမံခန့်ခွဲနိုင်ဖို့ မြေပြင်အကဲဖြတ်အဖွဲ့တွေ၊ KNU ဒူးပလာယာခရိုင်နဲ့ ဖားအံခရိုင်တို့က ခေါင်းဆောင်တွေနဲ့ အနီးကပ်ညှိနှိုင်းပြီး တုံ့ပြန်မှုကို ညွှန်ကြားနိုင်ဖို့ စတင်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

DKBA ရဲ့ အကာအကွယ်အောက်မှာ လည်ပတ်နေတဲ့ ဖလူး(မင်းလက်ပံ)ဒေသရှိ နိုင်ငံတကာရာဇဝတ်မှုနဲ့ အွန်လိုင်ငွေလိမ်လည်မှုလုပ်ငန်းခွင်ထဲကို KNU က ဝင်ရောက်စစ်ဆေးမှုပြုလုပ်ရာမှာ လူဦးရေ ၂၀၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းရပြီး ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ စက်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့သလို ထိုင်းနိုင်ငံသား ၂၈ ဦးနဲ့ တရုတ်နိုင်ငံသား ၃၆ ဦးတို့ကိုလည်း ထိုင်းနိုင်ငံဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KNU မြေပြင်အကဲဖြတ်အဖွဲ့က ဆိုက်မန်နေဂျာတွေ၊ အဓမ္မ လုပ်အားပေးစေခိုင်းခံရသူတွေနဲ့ သူဌေးလေးတွေလို့ ခေါ်သူ တချို့ကို စုံစမ်းစစ်ဆေးတာ မေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီး တချို့မှာ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ကလန်ကဆန်လုပ် ဆန့်ကျင်မှုတွေ ပြုခဲ့တဲ့အခက်အခဲကို ကြုံနေရသလို တချို့က သူတို့ကို မြန်မာနိုင်ငံဆီ ထွက်ပြေးခွင့်ပေးဖို့နဲ့ ထိုင်းအာဏာပိုင်ထံ လွှဲပြောင်းခြင်းမပြုဖို့ KNU ဝန်ထမ်းတွေကဆီ လာဘ်ထိုးဖို့ ကြိုးစားတာကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေဟာ လျင်မြန်စွာပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နဲ့ အဆောက်အအုံအတွင်း ပိတ်မိနေတဲ့ နိုင်ငံများစွာက နိုင်ငံသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်မှုတွေ အချိန်နဲ့အမျှ တိုးပွားလာနေကာ ကျန်ရှိနေတဲ့ လူပုဂ္ဂိုလ်တွေကို ဆက်လက်ဖော်ထုတ်ပြီး စုံစမ်းစစ်ဆေးမှုတချို့ကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ KNU က ပြောပါတယ်။

ဒါပေမဲ့ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ အထောက်အထားစုဆောင်းမှုတွေကို စစ်ဆေးနိုင်ဖို့ KNU တစ်ဖွဲ့တည်းက စွမ်းဆောင်နိုင်မှာမဟုတ်သလို အခုအချိန်ထိ သိမ်းဆည်းရမိတဲ့ ပစ္စည်းအထောက်အထားအားလုံးကို KNU နဲ့ ပူးပေါင်းစုံစမ်းစစ်ဆေးတဲ့ ကျွမ်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့တွေထံ လွှဲပြောင်းပေးမယ်လို့ ဆိုထားပါတယ်။

နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ ရှုပ်ထွေးတဲ့ နိုင်ငံတကာဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်တွေကို တိုက်ဖျက်ရေးကြိုးပမ်းမှုတွေဟာ ခိုင်မာသောခေါင်းဆောင်မှု၊ မယိမ်းမယိုင်သော ကတိကဝတ်နဲ့ ထိခိုက်ခံရတဲ့ နိုင်ငံတွေ၊ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဖလူး(မင်းလက်ပံ)ရှိ အွန်လိုင်းလူလိမ်စင်တာဟာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေအတွက် လက်တွေ့ဖြစ်ရပ်တစ်ခုအနေနဲ့ လေ့လာနိုင်ဖို့ အင်မတန်မှအရေးကြီးတဲ့ အခွင့်အလမ်းဖြစ်ပြီး တကယ်လို့ နိုင်ငံတကာက လျင်မြန်စွာနဲ့ လေးနက်စွာ ပါဝင်ဆောင်ရွက်မှုတွေမရှိပါက ဒီအခွင့်အရေးဆုံးရှုံးမှာကို မိမိတို့ KNU က လွန်စွာစိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.