မော်လမြိုင် ၊ နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံမှာ ဆိုးရွားစွာ ဖြစ်ပွားနေတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်မှုလုပ်ငန်း တိုက်ဖျက်ရေး မဟာမိတ်အင်အားစုတွေအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ AD က နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

မွန်ပြည်သစ်ပါတီ AD က မြန်မာနိုင်ငံကို ဒေသတွင်းဆိုက်ဘာရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုရဲ့ ဗဟိုချက်မ မဖြစ်ပေါ်စေရေး မဟာမိတ်တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဆိုက်ဘာရာဇဝတ်ကွန်ရက်တွေ ပြန့်ပွားရေးမှာ အဓိကတာဝန်ရှိတဲ့ စစ်အာဏာရှင်တွေနဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေ တရားစီရင်နိုင်ရေးကြိုးပမ်းမှုတွေမှာ ပူးပေါင်းပါဝင်မယ်လို့ ကြေညာချက်မှာ အသိပေးထားတာပါ။

မွန်ပြည်သစ်ပါတီ AD အနေနဲ့ အမေရိကန် Scam Center Strike Force၊ ထိုင်း၊ တရုတ်၊ အာဆီယံနဲ့ နိုင်ငံဖြတ်ကျော် ငွေလိမ်လည်မှု လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ကတိပြုထားတဲ့ နိုင်ငံတွေနဲ့ အပြည့် အ၀ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံဖြတ်ကျော်ဆိုက်ဘာနှိမ်နင်းရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းပြီး လူကုန်ကူးခံရသူတွေကို ကူညီထောက်ပံ့ဖို့၊ နိုင်ငံတွင်း ပိတ်မိနေသူတွေ ရှာဖွေရေးနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ခေါ်ဆောင်ရေးမှာ ကူညီဖို့နဲ့ တခြားပူးပေါင်းမှုတွေကို နည်းလမ်းရှာဖွေသွားမှာ ဖြစ်ပါတယ်။

အလုပ်အဖွဲ့ဖွဲ့စည်းတာဟာ နိုင်ငံဖြတ်ကျော်ငွေလိမ်လည်မှုလုပ်ငန်းတွေ ကင်းစင်တဲ့ မွန်ပြည်နယ်/မွန်ဒေသကို တည်ဆောက်ရေးနဲ့ ငွေလိမ်လည်မှုလုပ်ငန်းတွေကင်းစင်တဲ့ မြန်မာနိုင်ငံကို တည် ဆောက်ဖို့ ပထမဆုံးခြေလှမ်းလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့ လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်လည်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူသတ်မှုအပါအဝင် စနစ်တကျ ကျူးလွန်နေတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ အဆမတန် တိုးပွားနေတာပါ။

အဲဒီရာဇဝတ်မှုတွေကို မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့အတူ အခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချတဲ့ ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ကြီးလေးတဲ့ ချိုးဖောက်မှုတွေအပေါ် အဲဒီထုတ်ပြန်ချက်အတိုင်း မယိမ်းမယိုင် ဆက်လက်ရပ်တည်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီ ရာဇဝတ်မှုတွေဟာ မတော်တဆ ဖြစ်ပေါ်တာ မဟုတ်ဘဲ မြန်မာစစ်အာဏာရှင်နဲ့ စစ်တပ် လက်အောက်ခံ ဆက်စပ်အဖွဲ့အစည်းတွေက တက်ကြွစွာ အားပေးကူညီပြီး အကျိုးအမြတ်ရယူနေတာလို့ ဖော်ပြထားတာပါ။

အဲဒီ အင်အားစုတွေက ကြီးမားတဲ့ ရာဇဝတ်မှုလုပ်ငန်းတွေ ကြီးထွားလာစေဖို့ လုံခြုံရေးနဲ့ အပြစ်ပေးခံရခြင်းကနေ ကင်းလွတ်ခွင့်ကို ပေးထားကြတယ်လို့ ကြေညာချက်မှာ ထောက်ပြထားတာ တွေ့ရပါတယ်။

ဒီအကျပ်အတည်းရဲ့ အတိုင်းအတာပမာဏဟာ နိုင်ငံပေါင်း ၇၇ နိုင်ငံက ပြည်သူများစွာ လူကုန်ကူးခံခဲ့ရပြီး အမေရိကန်၊ ယူကေနဲ့ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဆုံးရှုံးမှု နှစ်စဉ် ဒေါ်လာ ၁၅ ဘီလီယံကျော် ရှိနေတာပါ။

ဒါဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနဲ့ ဒေသတွင်း တည်ငြိမ်မှုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပေါ်စေတယ်လို့ မွန်ပြည်သစ်ပါတီ AD က ထောက်ပြထားတာပါ။

တစ်ဘက်မှာ မြန်မာစစ်အာဏာရှင်စနစ်နဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေက တရားမဝင် အမြတ်အစွန်းတွေကတဆင့် အရပ်သားတွေကို ပြန်တိုက်ခိုက်တဲ့ စစ်ယန္တရားတွေကို တည်ဆောက်ဖို့ အသုံးပြုနေတာလို့ ဆိုပါတယ်။

ငွေကြေးလိမ်လည်မှုကွန်ရက်တွေရဲ့ အဓိကပုဂ္ဂိုလ်တွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်နေတဲ့ ထိုင်းနဲ့ တရုတ်တို့ကို ချီးကျူးထားသလို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးအစီအမံတွေ ချမှတ်ဆောင်ရွက်နေတဲ့ ယူကေ၊ ကိုရီးယားနဲ့ ဂျပန်တို့ကိုလည်း အသိအမှတ်ပြုထားတာပါ။

အထူးသဖြင့် အမေရိကန်တရားရေးဌာန၊ FBI နဲ့ အမေရိကန်ထောက်လှမ်းရေးဌာန (U.S. Secret Service) တို့ကနေ အမေရိကန် Scam Center Strike Force ဖွဲ့စည်းမှုကို ကြိုဆိုတယ်လို့ မွန်ပြည်သစ်ပါတီ AD က ဆိုပါတယ်။

အခုလို နိုင်ငံတကာ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ မြန်မာစစ်အာဏာရှင်တွေကို ထောက်ပံ့နေတဲ့ နိုင်ငံဖြတ်ကျော် ငွေလိမ်လည်မှုလုပ်ငန်းတွေ တိုက်ဖျက်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ မွန်ပြည်သစ်ပါတီ AD ကြေညာထားတဲ့ နိုင်ငံဖြတ်ကျော်ဆိုက်ဘာနှိမ်နင်းရေး အလုပ်အဖွဲ့ ဖွဲ့စည်းတာအပါအဝင် မဟာမိတ်နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ဖို့ ပေးထားတဲ့ ဆင်ဂနယ်နံပါတ် နှစ်ခုလုံးကို စာပို့မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP-AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.