သရက်ချောင်း၊ နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က မင်းဒပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ အရပ်သားနေအိမ် ၆၁ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နေအိမ်မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကော်မရှင်တပ်ဟာ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြင်ဖြူသားကျေးရွာထဲ စစ်ကြောင်းဆက်ထိုးလာတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း အောက်သရက်ချောင်းကျေးရွာက စစ်ရှောင်နေအိမ် ၅၀ ကျော်ကို ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်း အများအပြား ယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြီးခဲ့တဲ့ အောက်တိုဘာနောက်ဆုံးအပတ်ကစလို့ သရက်ချောင်းမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာပါ။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံအရပ်သားပြည်သူ ၄၀,၀၀၀ ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.