မြဝတီ၊ နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်မှုတိုက်ဖျက်ရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ လှုပ်ရှားမှုဟာ အစိုးရအချင်းချင်းဗဟိုပြု ချဉ်းကပ်မှုပုံစံကိုစွဲကိုင်ပြီး မြန်မာစစ်တပ်နဲ့သာ ပူးပေါင်းမယ်ဆိုပါက ထိရောက်အောင်မြင်နိုင်မှု မရှိတဲ့အပြင် ပြည်သူလူထုအပေါ် မလိုလားအပ်တဲ့ ဆိုးကျိုးတွေသက်ရောက်လာနိုင်တယ်လို့ KNU က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုကွန်ယက်တွေ၊ ဆောင်ရွက်နေမှုတွေနဲ့ အဲဒီဆက်စပ်ရာဇဝတ်မှုတွေကို နိုင်ငံတကာက တိုက်ဖျက်ရေးကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ KNU ရဲ့ ကတိကဝတ်ပြုမှုဆိုတဲ့ခေါင်းစဉ်နဲ့ KNU ဗဟိုက နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာမှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။
မြန်မာစစ်တပ်ဟာ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေ ဖြစ်ပေါ်လာရေးကို တဖက်တလှမ်းကနေ အားပေးသလို အဲဒီလုပ်ငန်းတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ အဖွဲ့အစည်းဖြစ်နေတယ်လို့ KNU က ဆိုပါတယ်။
အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေကို နိုင်ငံတကာနဲ့အတူ တိုက်ဖျက်မယ်လို့အကြောင်းပြပြီး မြန်မာစစ်တပ်က နိုင်ငံတကာသံတမန်ဆက်ဆံရေးတွေ ချဲ့ထွင်ဖို့၊ သူတို့အုပ်ချုပ်ရေး တရားဝင်မှုရရှိဖို့နဲ့ အင်အားအလွန်အကျွံသုံးပြီး အခွင့်ကောင်းယူကာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ပိုမိုကျူးလွန်သွားမှာကို KNU အနေနဲ့ စိုးရိမ်မ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ပူးပေါင်းပြီး KK Park ရှိ အွန်လိုင်းငွေလိမ်စင်တာတွေကို အင်အားသုံးဖြိုခွင်းရာကနေ ထွက်ပြေးလာသူတွေဟာ KNU အုပ်ချုပ်ရေးနယ်မြေထဲကို ရောက်ရှိလာကြပြီး အထူးသဖြင့် ဒူးပလာယာခရိုင်နဲ့ ဖားအံခရိုင်တို့မှာ ဒီပြဿနာတွေကို လက်ငင်းကြုံတွေ့နေရတယ်လို့ KNU က ဆိုထားပါတယ်။
ရောက်ရှိလာသူတွေဟာ အတင်းအကြပ်အဓမ္မစေခိုင်းခံရသူတွေ ဒါမှမဟုတ် အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေမှာ အောက်ခြေသာမန်ဝန်ထမ်းတွေသာဖြစ်တယ်လို့ ယူဆရပြီး ရာဇဝတ်ဂိုဏ်းတွေရဲ့ တာဝန်ရှိအကြီးပိုင်း ပုဂ္ဂိုလ်တွေကို ကြိုတင်ပြီး လုံခြုံသောနေရာဆီ ရွှေ့ပြောင်းထားပြီဖြစ်ကြောင်း ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ယှဉ်ထိုးကြည့်ပါက အခုလို အငယ်ပိုင်းနဲ့ သာမန်ဝန်ထမ်းတွေကို အစီအစဉ်တကျမဟုတ်ဘဲ ဖြိုခွင်းနှင်ထုတ်တာဟာ ပြဿနာရဲ့ အရင်းခံအကြောင်းရင်းကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွားစေမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
KNU အနေနဲ့ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုကွန်ရက်တွေနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတွေဖြစ်တဲ့ လိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ လူကုန်ကူးမှုတို့ကို တိုက်ဖျက်သွားဖို့နဲ့ ပပျောက်သွားစေဖို့ ရည်ရွယ်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်းကြိုးပမ်းမှုတွေအားလုံးမှာ လေးနက်တဲ့တာဝန်ယူမှု၊ ကတိကဝတ်ပြုမှုနဲ့အတူ တက်ကြွစွာ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အခုလို ပြည်သူလူထုတွေရဲ့ လုံခြုံရေးကို ကြီးမားစွာခြိမ်းခြောက်နေတဲ့ အွန်လိုင်းငွေလိမ်မှုနဲ့ ရာဇဝတ်မှုလုပ်ငန်းတွေ တိုက်ဖျက်ရေးကို ထိထိမိမိ ဦးစားပေးဆောင်ရွက်နိုင်ဖို့နဲ့ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုမှာ ထိရောက်စွာကူညီပံ့ပိုးပေးနိုင်ဖို့အတွက် KNU အနေနဲ့ အဆင့်မြင့်ခေါင်းဆောင်တွေပါဝင်တဲ့ အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး မိမိတို့ရဲ့ မြေပြင်ရှိတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း KNU က အသိပေးပါတယ်။
အွန်လိုင်းငွေလိမ်မှုစင်တာတွေ၊ လူကုန်ကူးမှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မိမိတို့ရပ်ရွာအသိုက်အဝန်းတွေနဲ့ အတူတကွ ဆက်စပ်ယှဉ်တွဲနေထိုင်နေကြတဲ့ အသိုက်အဝန်းတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတွေအဖြစ် ရှုမြင်ကြောင်း KNU ပြောပါတယ်။
အွန်လိုင်းငွေလိမ်မှုစင်တာတွေထဲမှာ ပိတ်မိနေတဲ့ ထွက်ပြေးလာတဲ့ များစွာသော မြန်မာနိုင်ငံသားတွေ၊ ဒေသတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အခြားနိုင်ငံသားတွေကို ကယ်ဆယ်ရေး၊ ဘယ်သူဘယ်ဝါသတ်မှတ်ရေးနဲ့ ကောင်းစွာနေရပ်ပြန်ပို့ရေးတို့အတွက် ညှိနှိုင်းကူညီမှုများစွာ လိုအပ်နေတယ်လို့ KNU က ဆိုပါတယ်။
ဒီလုပ်ငန်းတွေနဲ့အတူ အွန်လိုင်းငွေလိမ်မှုနဲ့ အခြားရာဇဝတ်မှုတွေကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် KNU အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းတွေဆီက နည်းပညာနဲ့ အကြံပေးပံ့ပိုးကူညီမှုတွေ လိုအပ်သလို အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေကိုလည်း ကြိုဆိုတယ်လို့ KNUက ဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လူကုန်ကူးခံရသူတွေနဲ့ အွန်လိုင်းငွေလိမ်စင်တာတွေမှာ အနိုင်ကျင့်အမြတ်ထုတ်ခံရသူတွေကို အကာအကွယ်ပေးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် တော်လှန်လှုပ်ရှားနေတဲ့ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ အခြားသက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ KNU က တိုက်တွန်းထားပါတယ်။
အတင်းအကြပ်စေခိုင်းခံရမှု ဒါမှမဟုတ် အလွဲသုံးစားအနိုင်ကျင့်ခံရမှုတွေကနေ ထွက်ပြေးလာသူတွေအတွက် ခိုလှုံစရာတွေ၊ အရေးပေါ်ဝန်ဆောင်မှုတွေနဲ့ အကာအကွယ်ပေးတဲ့ ယန္တရားတွေအပါအဝင် နယ်စပ်တလျှောက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေ အားကောင်းစေဖို့အတွက်လည်း KNU က အလေးအနက်တောင်းဆိုထားပါတယ်။
အရှေ့တောင်အာရှဒေသရှိ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေကို နှိမ်နင်းရေးအတွက် မကြာသေးမီက နိုင်ငံတကာရဲ့ ဖွဲ့စည်းထူထောင်မှုနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကြိုဆိုပြီး အဲဒီဆောင်ရွက်မှုတွေမှာ KNU အနေနဲ့လည်း တစိတ်တပိုင်းအဖြစ် ပါဝင်သွားဖို့ ကတိပြုကြောင်း ထုတ်ပြန်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

