တနင်္သာရီ၊ နိုဝင်ဘာ ၁၈
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့အနီးက ကျေးရွာတွေမှာ နှစ်ဖက်တိုက်ပွဲ ပြင်း ထန်ပြီး စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာပါ။
မောတောင်မြို့ တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကော်မရှင်တပ်ဟာ မြို့ပြန်လည် ရရှိရေးအတွက် လေကြောင်းကနေ အင်အား ၁၀၀ ကျော် စစ်ကူပို့ဆောင်ပြီး စစ်ကြောင်းထိုးလာတာကြောင့် သိန်းခွန်ကျေးရွာနဲ့ သဲဖြူကျေးရွာတို့မှာ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် နိုဝင်ဘာ ၁၄ ရက်နေ့ကနေ နိုဝင်ဘာ ၁၇ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။
မောတောင်မြို့သိမ်း တိုက်ပွဲကြောင့် ဒေသခံ ၄၀၀၀ ကျော်ဟာ ထိုင်း-မြန်မာနယ်စပ်နဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။
မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၀ ကျော် စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

