မြဝတီ၊ နိုဝင်ဘာ ၁၉
KK Park နဲ့ ရွှေကုက္ကိုမြို့သစ်ကနေ ထွက်ပြေးလာတဲ့ ကျားဖြန့်ခေါင်းဆောင်ပိုင်း တရုတ်နိုင်ငံသားတွေဟာ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ စောင့်ကြပ်ခေါ်ယူလာမှုနဲ့ မြဝတီမြို့နယ် သေ့ကတေကျေးရွာမှာ ရောက်ရှိလာနေပြီး အဆောက်အဦးသစ်တွေ ထပ်မံတည်ဆောက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ KK Park ကျားဖြန့်လုပ်ငန်းခွင်တွေထဲကို ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး စစ်ကော်မရှင်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားအများအပြားနဲ့ ပြည်တွင်းနေ အလုပ်သမားအများအပြား ရွှေ့ပြောင်းထွက်ပြေးခဲ့ရတာပါ။
ဒါ့အပြင် BGF ထိန်းချုပ်တဲ့ မြဝတီမြို့ မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုမြို့သစ်ထဲကို ကျားဖြန့်နှိမ်နင်းရှင်းလင်းရေး အကြောင်းပြကာ စစ်ကော်မရှင်တပ်နဲ့ BGF တို့က ဝင်ရောက်ရှင်းလင်းသွားမယ်ဆိုတာကြောင့် နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းကတည်းက ရွှေကုက္ကိုမြို့သစ်က တရုတ်နိုင်ငံသားတွေနဲ့ ပြည်တွင်းနေ အလုပ်သမားတွေ အများအပြားဟာ ကြိုတင်ရွှေ့ပြောင်းနေရပါတယ်။
ရွှေကုက္ကိုမြို့သစ်ထဲ ကျားဖြန့်ဝင်ရောက်နှိမ်နင်းသွားမယ်ဆိုတာနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၁၇ ရက်နေ့က ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်စောချစ်သူနဲ့ စစ်ကော်မ ရှင်တပ်တို့အကြား မြဝတီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ BGF နဲ့ နီးစပ်တဲ့ ရွှေကုက္ကိုသတင်းရင်းမြစ်က ဆိုပါတယ်။
BGF ပြောခွင့်ရ ဗိုလ်မှူးကြီးနိုင်မောင်ဇော်ကတော့ ရွှေကုက္ကိုမြို့သစ်မှာ ကျားဖြန့်ဖယ်ရှား ရှင်းလင်းတိုက်ဖျက်ရေးကို စစ်ကော်မရှင်နဲ့ ပူးပေါင်းပြီး လုံးဝပပျောက်တဲ့အထိ အပြီးတိုင်ဖယ်ရှားရှင်းလင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားထားတာပါ။
ကျားဖြန့်ရှင်းလင်းမယ်ဆိုတာကြောင့် ရွှေကုက္ကိုမြို့က ကျားဖြန့်ထိပ်ပိုင်းခေါင်းဆောင်ဆိုသူတွေဟာ ရွှေကုက္ကိုကနေ BGF အမှတ် ၂ တပ်နယ်ဌာနချုပ် သေ့ကတေကျေးရွာဘက်ဆီ ရွှေ့ပြောင်းထွက် ပြေးနေရတာတွေရှိသလို အဲဒီသေ့ကတေကျေးရွာအတွင်းမှာ ကျားဖြန့်စီမံကိန်းအတွက် အဆောက် အဦးသစ်တွေ ဆောက်လုပ်နေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
BGF အမှတ် ၂ တပ်နယ်ဌာနချုပ် သေ့ကတေကျေးရွာထဲမှာ ရွှေကုက္ကိုက ထွက်ပြေးလာတဲ့ တရုတ်ကျားဖြန့်ခေါင်းဆောင်ပိုင်းတွေအပြင် KK Park ထဲက ထွက်ပြေးလာတဲ့ တရုတ်ကျားဖြန့်ခေါင်း ဆောင်ပိုင်းတွေ ရောက်ရှိခိုလှုံနေကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
စစ်ကော်မရှင်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူ့ရဲ့ ကရင်၊ မွန်ပြည်နယ်ခရီးစဉ်အတွင်း ကျားဖြန့်တွေကို နှိမ်နင်းရှင်းလင်းသွားမယ်လို့လည်း ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-The Reporter

