မက္ကစီကို စီးတီး၊ နိုဝင်ဘာ ၁၇
မက္ကဆီကိုစီးတီးမြို့မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း တိုက်ခိုက်မှု ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၁၀၀ အပါအဝင် လူ ၁၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သမ္မတ ကလောက်ဒီယာ ရှိန်းဘွန်း အစိုးရနဲ့ အကြမ်းဖက် ရာဇဝတ်မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ နိုဝင်ဘာ ၁၅ ရက်က မက္ကဆီကိုမြို့တော်မှာ လူထောင်ချီ ချီတက် ဆန္ဒပြခဲ့ကြတာပါ။

တခြားမြို့တွေမှာလည်း ဖြစ်ပွားခဲ့တဲ့ ချီတက် ဆန္ဒပြပွဲတွေဟာ မိမိတို့ အစိုးရကို ဆန့်ကျင်တဲ့ လက်ယာယိမ်း နိုင်ငံရေးသမားတွေက ရန်ပုံငွေ ထောက်ပံ့ထားတာ ဖြစ်တယ်လို့ သမ္မတ ရှိန်းဘွန်းက ပြောပါတယ်။
မူးယစ်ဆေးဝါးဂိုဏ်းတွေကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖို့ တိုက်တွန်းခဲ့တဲ့ အူရာပန် မြို့တော်ဝန် ကားလို့စ် မန်ဇို ပြီးခဲ့တဲ့ သီတင်းပတ်ပိုင်းက လုပ်ကြံသတ်ဖြတ်ခံရမှု အပါအဝင် လူသိထင်ရှား သတ်ဖြတ်မှုတွေကို မက္ကဆီကို ပြည်သူတွေ ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး Gen Z လူငယ်တွေက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိမ်တော်ကို ကာရံထားတဲ့ အတားအဆီးတွေကို ဆန္ဒပြသူတွေကိ ဖြိုချ ဖျက်ဆီးခဲ့ကြပါတယ်။ အဲဒီအိမ်တော်ကို ကာကွယ်ဖို့ တာဝန်ချထားခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
လုယက်မှု အကြမ်းဖက် တိုက်ခိုက်မှု အပါအဝင် ရာဇဝတ်မှု ကျူးလွန်သူ ၂၀ ကို ဖမ်းဆီးထားတယ်လို့ မက္ကဆီကို စီးတီး လုံခြုံရေးအကြီးအကဲ ပါဘလို ဘက်စကွတ်ဇ်က သတင်းထောက်တွေကို ပြောပါတယ်။
ဆန္ဒပြသူတွေက ငါတို့အားလုံးဟာ ကားလို့စ် မန်ဇိုတွေ ဖြစ်တယ်လို့ ရေးသားထားတဲ့ စာတမ်းတွေ ကိုင်ဆောင်ထားကြပြီး တခြားလူတွေက သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကောင်းဘွိုင် ဦးထုပ်တွေ ဆောင်းပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မန်ဇိုဟာ နိုဝင်ဘာ ၁ ရက်က သေမင်းနေ့ ပွဲတော် တက်ရောက်နေချိန် ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ သူ့မြို့မှာ မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့ ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့အတွက် လူသိများသူ ဖြစ်ပါတယ်။
သမ္မတက မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဆန့်ကျင်နေပေမယ့် မူးယစ်ဆေးဝါးကို အင်အား အကုန်ထုတ်ပြီး နှိမ်နှင်းရေး တိုက်တွန်းချက်တွေကိုတော့ ဥပေက္ခာပြုထားပါတယ်။
အရင်က သမ္မတတွေ လက်ထက်မှာ မူးယစ်ဆေးဝါးနှိမ်နှင်းဖို့ ကြိုးပမ်းမှုတွေဟာ လူအများ သွေးစွန်းရမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ချီတက် ဆန္ဒပြပွဲတွေမတိုင်ခင် ရက်ပိုင်းအလိုက ဆန္ဒပြဖို့ အွန်လိုင်းကနေ လှုံ့ဆော်တဲ့ အဖျက်ဆော့ဖ်ဝဲလ်တွေ ရှိတယ်လို့ သမ္မတ ရှိန်းဘွန်းက ပြောထားပါတယ်။
သမ္မတ ရှိန်းဘွန်းဟာ ပြည်သူ့ထောက်ခံမှု ၇၀ ရာခိုင်နှုန်းအထိ ရရှိနေဆဲ ဖြစ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ တိုက်တွန်းချက်အတိုင်း ဖန်တနိုင်းမူးယစ်ဆေးဝါး နှိမ်နှင်းဖို့ ကြိုးပမ်းနေပါတယ်။
ဒါပေမဲ့ အစိုးရက အကြမ်းဖက် တိုက်ခိုက်မှုတွေကို နှိမ်နှင်းဖို့ ပျက်ကွက်နေပြီး အိမ်နီးချင်း နိုင်ငံတွေရဲ့ ကန့်ကွက်မှု ရန်လိုမှုတွေနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။
အခူလ စောစောပိုင်းမှာ ပီရူးအစိုးရက မက္ကဆီကို သမ္မတကို ကြိုဆိုလက်ခံမှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ စွဲချက်တင်ခံထားရတဲ့ ပီရူး ဝန်ကြီးချုပ်ဟောင်းကို မက္ကဆီကိုက ခိုလှုံခွင့် ပေးခဲ့တာကြောင့် ပီရူးက သံတမန် အဆက်အသွယ် ဖြတ်တောက်ထားပါတယ်။
Ref:BBC

