နယူးဒေလီ၊ နိုဝင်ဘာ ၁၀

မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာတစ်ခု နှိမ်နှင်းခံရပြီးနောက် ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့သို့ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသား ရာပေါင်းများစွာထဲက မိခင်နိုင်ငံ ပြန်ခေါ်ထားတဲ့ လူ ၂၇၀ ကို ဗဟိုအေဂျင်စီတွေက စုံစမ်းစစ်ဆေးနေကြောင်း အစိုးရ သတင်းရင်းမြစ်တွေက နိုဝင်ဘာ ၉ ရက်က ပြောပါတယ်။

အမျိုးသမီး ၂၆ ဦး အပါအဝင် အိန္ဒိယနိုင်ငံသား ၂၇၀ ကို ထိုင်းနိုင်ငံကနေ အိန္ဒိယလေတပ်ရဲ့ C-130J Super Hercules ပို့ဆောင်ရေး လေယာဉ် နှစ်စီးနဲ့ နိုဝင်ဘာ ၆ ရက်က ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြဝတီမြို့ကနေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့တဲ့အတွက် အဲဒီ အိန္ဒိယ နိုင်ငံသားတွေဟာ ထိုင်းမှာ ဒဏ်ငွေပေးဆောင်ခဲ့ရကြောင်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီ အိန္ဒိယနိုင်ငံသား အများအပြားဆီက အီလက်ထရွန်နစ်ပစ္စည်းတွေ မိုဘိုင်းဖုန်းတွေ အပြင် နိုင်ငံအများရဲ့ နိုင်ငံကူးလက်မှတ်တွေကို ထိုင်း လူဝင်မှုကြီးကြပ်ရေးက သိမ်းဆည်းခဲ့တယ်လို့ သူတို့က ပြောပါတယ်။

နေရပ်ပြန်ပို့ခံရမယ့် အိန္ဒိယနိုင်ငံသား တချို့က အဲဒီလို ပစ္စည်းတွေကို အိန္ဒိယ လေတပ် လေယာဉ် နှစ်စီးပေါ် မတက်ခင် ဖွက်ထားဖို့ ကြိုးပမ်းခဲ့ကြပေမယ့် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ရှာဖွေ စစ်ဆေးချိန်မှာ တွေ့ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ရှိ KK Park မှာ ဖွင့်လှစ်ထားတဲ့ ကျားဖြန့်ဂိုဏ်းတွေမှာ သူတို့ပါဝင်ခဲ့သလားဆိုတာကို အိန္ဒိယ စုံစမ်းစစ်ဆေးရေးအေဂျင်စီတွေက အဓိကထား စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှတဝှမ်း လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်းတွေက ကမ္ဘာအနှံ့နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲပြီး ကျားဖြန့်လုပ်သားတွေအဖြစ် အလုပ်စေခိုင်းနေတယ်ဆိုပေမယ့် မက်လောက်စရာ လုပ်ခလစာကြောင့် ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက် လုပ်ကိုင်နေသူတွေလည်း ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မဲဆောက်မှာ ကျန်နေသေးတဲ့ နောက်ထပ် အိန္ဒိယနိုင်ငံသား ၂၀၀ ကျော်ကို မိခင်နိုင်ငံဆီ ပြန်လည် ခေါ်ယူရေး အိန္ဒိယအရာရှိတွေ ကြိုးပမ်းနေဆဲ ဖြစ်ပြီး သူတို့ကိုလည်း ပြန်ရောက်လာချိန်မှာ မေးမြန်း စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်နဲ့ ၃၀ ရက်ကြား မြန်မာနိုင်ငံကနေ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၄၆၅ ဦးရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မဲဆောက်ရှိ အိန္ဒိယနိုင်ငံသား ပထမအသုတ်ကို C-130J လေယာဉ် နှစ်စီးနဲ့ အက်ဒမန်ကျွန်းသို့ ကနဦး ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် နီကိုဘာကျွန်းသို့ ပို့ဆောင်ပြီးမှ နယူးဒေလီသို့ ထပ်ဆင့် ပို့ဆောင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနိုင်ရေး ဘန်ကောက်ရှိ အိန္ဒိယသံရုံးနဲ့ ချင်းမိုင်ရှိ ကောင်စစ်ဝန်ရုံးတို့က ထိုင်းအစိုးရ အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

KK Park စီးနင်းခံရပြီးနောက် ထိုင်းနိုင်ငံထဲ ထွက်ပြေးလာတဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံက လူပေါင်း ၁၅၀၀ မှာ အဲဒီ အိန္ဒိယနိုင်ငံသားတွေ ပါဝင်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရှိနေဆဲ ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ပြန်လည် ခေါ်ယူနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက မြန်မာအရာရှိတွေနဲ့ ညှိနှိုင်းနေကြောင်းလည်း သိရပါတယ်။

Ref: Press Trust of India

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.