ဘန်ကောက်၊ နိုဝင်ဘာ ၁၀
ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ ကမ္ဘောဒီးယား စီးပွားရေးသမား လိုင် ယွန်ဖတ်နဲ့ သူ့ရဲ့ အပေါင်းအပါ ၄ ဦးကို ငွေကြေး ခဝါချမှု၊ ကျားဖြန့်လုပ်ငန်းမှာ ပါဝင် ပတ်သက်မှုကြောင့် ထိုင်း ရာဇဝတ်မှုတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
လိုင် ယွန်ဖတ်ရဲ့ နိုင်ငံဖြတ်ကျော် ကျားဖြန့်ကွန်ရက်နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ ပိုင်ဆိုင်မှုတွေကို ထိုင်းအရာရှိတွေက နိုဝင်ဘာ ၉ ရက်က သိမ်းဆည်းရမိထားပြီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ပေသွန်ထန် ရှင်နာဝါထရာ အစိုးရလက်ထက်က စတင်ခဲ့တဲ့ ကျားဖြန့်လုပ်ငန်း စုံစမ်းစစ်ဆေးမှုကနေ အခုလို စစ်ဆင်ရေး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ပွိုင်ပက် ဂိုဏ်းခေါင်းဆောင်လို့ နာမည်ဆိုးနဲ့ လူသိများတဲ့ ကော့ခ်အန် ထိန်းချုပ်ထားတဲ့ ကမ္ဘောဒီးယား လောင်းကစား ဂိုဏ်းကြီး တစ်ဂိုဏ်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းပြီးနောက် အခုလိုမျိုး စုံစမ်း စစ်ဆေးမှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
လိုင်ယွန်ဖတ်နဲ့ သူ့ရဲ့ အပေါင်းအပါတွေဟာ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေပြီး တရားမဝင် ရရှိထားတဲ့ ငွေတွေကို ခွဲဝေယူပြီး ငွေကြေးခဝါချရာမှာ တာဝန်ကိုယ်စီယူထားကြတဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ရှိခဲ့ရတာပါ။

ရရှိထားတဲ့ အထောက်အထားတွေအရ အသက် ၆၇ နှစ် အရွယ် လိုင်ယွန်ဖတ်၊ အသက် ၃၇ နှစ်အရွယ် ချုပ်ချိုင် ဆူဖာပါနဲ့ အမည်ဖော်ပြမထားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဝရမ်း ထုတ်ပေးရေး ထိုင်းတော်ဝင် ရဲတပ်ဖွဲ့က ရာဇဝတ်မှု တရားရုံးဆီ နိုဝင်ဘာ ၆ ရက်မှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဝရမ်းရရှိပြီးနောက် ဆိုက်ဘာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးရုံးတို့ ပူးပေါင်းထားတဲ့အဖွဲ့က ဘန်ကောက်မြို့တဝှမ်းနဲ့ အရှေ့ပိုင်း ထရက်ပြည်နယ်ရှိ နေရာ ၃၆ နေရာကို စီးနင်းရှာဖွေရာမှာ လိုင်ယွန်ဖတ်နဲ့ ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
လိုင်ယွန်ဖတ်ဟာ ကျားဖြန့်လုပ်ငန်းနဲ့ လူမှောင်ခိုကူးလုပ်ငန်းတွေမှာ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် သူ့ရဲ့ ထိုင်းနိုင်ငံသား ဖြစ်မှုကို အစိုးရက စောစောပိုင်းက ပယ်ဖျက်ထားခဲ့ပြီး ဖြစ်ပါတယ်။
သူဟာ ကမ္ဘောဒီးယား လွှတ်တော်အမတ်၊ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်ပြီး LYP Group ရဲ့ ပိုင်ရှင် ဖြစ်ပါတယ်။
သူ့နဲ့ ဆက်စပ်နေတဲ့ ပိုင်ဆိုင်မှုများကို ဖမ်းဆီးရာမှာ မူးယစ်ဆေးဝါးတွေလည်း ပါဝင်နေတာ တွေ့ရှိထားရတာလည်း ဖြစ်ပါတယ်။
Ref:Bangkokpost

