ဖာပွန်၊ နိုဝင်ဘာ ၉
ကရင်ပြည်နယ် ဖာပွန် – ကမမောင်းလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် အင်အားအများအပြားဖြည့်ပြီး ထိုးစစ်ဆင်လာတဲ့လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ နိုဝင်ဘာ ၆ ရက်နေ့မတိုင်ခင်က ဖာပွန်ခရိုင် ကမမောင်းမြို့ ဝါးဒူးရွာကနေ ဝါးသိုးခိုရွာဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ခဲ့တာပါ။
စစ်ကော်မရှင်တပ်က အင်အားအများအပြားနဲ့ တက်ရောက်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အနည်းငယ်ဆုတ်ခွာပေးခဲ့ရပြီး ဆုတ်ခွာပေးခဲ့လိုက်ရတဲ့နေရာကို စစ်ကော်မရှင်တပ်က ဝင်ရောက်တပ်စွဲနေရာယူထားတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန် – ကမမောင်းလမ်းပိုင်းကို ပြန်စိုးမိုးသိမ်းပိုက်နိုင်ဖို့နဲ့ ကတိုင်တိ၊ ဖာပွန်မြို့ဆီ စစ်ကူပေးပို့နိုင်ရေးအတွက် စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ စက်တင် ဘာလအတွင်းက စတင်ကြိုးပမ်းလာခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်က ကမမောင်းမြို့အနီးက ဝါးဒူးရွာမှာ တပ်စွဲထားတာဖြစ်ပါတယ်။
ဖာပွန်ခရိုင် စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူနေထိုင်ရာ ကျေး ရွာတွေအပေါ်မှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်တွေနဲ့ ဗုံးလာရောက်ကြဲချခဲ့တာတွေ အဆက်မပြတ်လုပ်ဆောင်နေခဲ့ပြီး ပြည်သူတွေထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေ အများအပြား ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ ပိတ်ဆို့ခံထားရတဲ့ ကတိုင်တိစခန်းနဲ့ ဖာပွန်ဗျူဟာအပါအဝင် အခြားတပ်စခန်းတွေဆီ ရိက္ခာပေးပို့နိုင်ရေးအတွက် လေယာဉ်ကိုသာ အားထားအသုံးပြုခဲ့ရပြီး ပို့ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။
စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၂ မှာ ဖာပွန်မြို့နယ်လည်း ပါဝင်ခဲ့ပြီး ဖာပွန်မြို့နယ်ထဲမှာ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် စစ်ကော်မရှင်က ဖာပွန်ကို ပြန်သိမ်းနိုင်ဖို့ အခုလို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။
ဖာပွန်အပြင် ကော့ကရိတ်မြောက်ပိုင်း၊ မြဝတီတောင်ပိုင်းက နေရာဒေသတွေမှာ စစ်ကော်မရှင်တပ်က ထိုးစစ်တိုက်ခိုက်မှုအရှိန် မြင့်တင်နေခဲ့ရာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲတွေဟာ နိုဝင်ဘာ ပထမအပတ်အထိ ဆက်ပြင်းထန်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

