ဝါရှင်တန်၊ နိုဝင်ဘာ ၁
TikTok ပိုင်ဆိုင်မှုကို လွှဲပြောင်းရေး သဘောတူညီမှုကို တရုတ်က သဘောတူ ခွင့်ပြုထားပြီ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့်က ပြောကြားပြီး လာမယ့် သီတင်းပတ်ပိုင်းအတွင်း လပိုင်းအတွင်း ရှေ့ဆက်ဆောင်ရွက်သွားဖို့ မျှော်လင့်ထားတယ် ဆိုပေမယ့် အသေးစိတ်ကို ပြောမထားပါဘူး။
TikTok ကို အမေရိကန်ကုမ္ပဏီ တစ်ခုခုသို့ ရောင်းချရေးနဲ့ ပတ်သက်လို့ တရုတ်နဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ညှိနှိုင်းခဲ့ပြီး သဘောတူညီမှု ရရှိခဲ့တယ်လို့ ဝန်ကြီးဘတ်ဆန့်က ပြောပါတယ်။

“လာမယ့် သီတင်းပတ်ပိုင်း၊ လပိုင်းအတွင်း ရှေ့ဆက်ဆောင်ရွက်သွားဖို့ မျှော်လင့်ထားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အပြီးသတ် ဖြေရှင်းမှုကို ကျွန်တော်တို့ နောက်ဆုံးတော့ မြင်တွေ့ရပါလိမ့်မယ်”လို့ သူက ဖြည့်စွက် ပြောကြားသွားပါတယ်။
တရုတ် စီးပွားရေးဝန်ကြီးဌာနကတော့ အောက်တိုဘာ ၃၀ ရက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ TikTok နဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကို အမေရိကန်နဲ့ ဆွေးနွေးရာမှာ အသေအချာ ကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တရုတ်အခြေစိုက် ByteDance ကုမ္ပဏီ ပိုင်ဆိုင်ထားတဲ့ TikTok ကို မှတ်ချက်ပြုပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိပါဘူး။

အမေရိကန်မှာ အသုံးပြုသူ သန်း ၁၇၀ ရှိတဲ့ TikTok ရဲ့ တရုတ်ပိုင်ရှင်တွေအနေနဲ့ TikTok ကို အမေရိကန်လုပ်ငန်း တစ်ခုဆီ ၂၀၂၅ ဇန်နဝါရီ မတိုင်ခင် ရောင်းချရမယ်ဆိုတဲ့ ဥပဒေ တစ်ရပ်ကို အမေရိကန်လွှတ်တော်က ၂၀၂၄ ခုနှစ်အတွင်း အတည်ပြု ပြဌာန်းခဲ့ပြီးနောက် ၁၈ လကြာခဲ့အထိ ကံကြမ္မာက မသေချာမရေရာ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၅ ရက်မှာ ထရန့်က အထူးအမိန့် ညွှန်ကြားချက် တစ်ရပ်ကို လက်မှတ်ရေးထိုးပြီး TikTok ကို ရက်ပေါင်း ၁၂၀ အတွင်း လွှဲပြောင်းရေး ညွှန်ကြားခဲ့တာပါ။
အခုလို ဥပဒေစည်းကြပ်မှုကိုလည်း သူက ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်သို့ နောက်ဆုတ် ပစ်ခဲ့ပါတယ်။
ထရန့်ရဲ့ ညွှန်ကြားချက်မှာ TikTok ရဲ့ အချက်အလက် စီးဆင်းမှုပုံစံကို အမေရိကန် ကုမ္ပဏီရဲ့ လုံခြုံရေး လက်တွဲဖော်လုပ်ငန်းတွေက ပြန်လည် ပြင်ဆင်စောင့်ကြည့်ဖို့နဲ့ နှစ်ဖက် ပူးပေါင်းထားတဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိဖို့ သတ်မှတ်ချက်တွေ ပါဝင်ပါတယ်။
အမေရိကန်ရှိ TikTok လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပူးတွဲအဖွဲ့သစ်မှာ ဘုတ်အဖွဲ့ဝင် ၇ ဦး ပါဝင်မှာဖြစ်ပြီး ByteDance ကုမ္ပဏီက တစ်ဦး ခန့်ထားမှာ ဖြစ်ပြီး ကျန် ၆ ဦးက အမေရိကန် လုပ်ငန်းက ခန့်အပ်မှာ ဖြစ်ပါတယ်။
ByteDance က TikTok ကို အမေရိကန် ပိုင်ဆိုင်မှုအောက်သို့ မရောင်းချခဲ့ဘူးဆိုရင် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ ပိတ်သိမ်းခိုင်းမယ်လို့ သတ်မှတ်ထားတဲ့ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လိုက်နာမယ် ဆိုရင် TikTok အနေနဲ့ အမေရိကန်လုပ်ငန်းမှာ ရှယ်ယာ ၂၀ ရာခိုင်နှုန်းအောက်ပဲ ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
တရုတ်ကုမ္ပဏီတွေဟာ ကွန်မြူနစ်ပါတီက တောင်းဆိုလာတဲ့ အချက်အလက်တွေကို မဖြစ်မနေ ပေးအပ်နေရတာကြောင့် TikTok လည်း အမေရိကန်နိုင်ငံသား အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေနဲ့ အတူ အမေရိကန် ပိုင်ဆိုင်မှုအောက် လွှဲပြောင်းရေး အစီအစဉ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
Ref:Reuters

