ဝါရှင်တန်၊ နိုဝင်ဘာ ၁
အမေရိကန်အစိုးရဌာနများ ပိတ်ထားရမှု အောက်တိုဘာ ၃၁ ရက်မှာ ဒုတိယလထဲ ဝင်ရောက်လာချိန် အစိုးရလုပ်သားတွေမှာ သုံးစရာ ငွေမရှိ၊ စားနပ်ရိက္ခာ အကူအညီပေးမှုကလည်း မသေချာဖြစ်နေချိန်မှာ အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာဟာ ပါတီနှစ်ရပ်ကြား အပြန်အလှန် တိုက်ခိုက်နေမှုကြောင့် ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။
အောက်တိုဘာ ၁ ရက်က စတင်ပြီး အမေရိကန်အစိုးရဌာနများ ပိတ်ထားရမှုအတွက် ပါတီနှစ်ရပ် လွှတ်တော်အမတ်များ အချင်းချင်း အပြစ်တင်နေကြချိန်မှာ ဖက်ဒရယ်အစိုးရ အလုပ်သမားတွေ လစာမရ ဖြစ်နေပါတယ်။

အစိုးရဌာနများ ပိတ်သိမ်းမှုဒဏ်ကို လူသန်းပေါင်းများစွာဟာ ယခု သီတင်းပတ်ကုန်ကစတင်ပြီး အပြည့်အဝ ခံစားနေပြီ ဖြစ်ကြောင်း ရီပက်ဘလေကန် အမတ်တွေက သတိပေးထားပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာ အကူအညီအတွက် ရန်ပုံငွေ ထောက်ပံ့ရေး ပါတီနှစ်ရပ် တိုက်ခိုက်နေမှု မပြေလည်သေးတာကြောင့် ဝင်ငွေနည်း အမေရိကန်နိုင်ငံသား အများဟာ ပိုမို ဆာလောင်မွတ်သိပ်လာကြသလို ပိုဆင်းရဲလာနေကြရပါတယ်။
“လူအများစုက ဒီသီတင်းပတ် အထိ သတိမထားမိခဲ့ကြပါဘူး။ ပြီးခဲ့တဲ့လက စစ်သားတွေကို လစာပေးဖို့ နည်းလမ်း ရှာဖွေပေးခဲ့တဲ့ ဒေါ်နယ်ထရန့်ကို ကျေးဇူးတင်ရမှာပါ။ အဲဒီ နာကျင်မှု ဝေဒနာကိုတော့ ကြန့်ကြာအောင် လုပ်ထားနိုင်ပါပြီ” လို့ ရီပက်ဘလေကန် လွှတ်တော်အမတ် ဝှစ် တွမ် အမ်မာက ပြောပါတယ်။

အဲဒီ တိုက်ပွဲရဲ့ နှလုံးသည်းပွတ်နေရာမှာ ရှိနေတာက လူသန်း ၂၀ ကျော်အတွက် တတ်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဖြစ်အောင် လုပ်ဆောင်ပေးနေတဲ့ အာမခံ အမတော်ကြေး ထုတ်ပေးမှု သက်တမ်း ကျော်လွန်သွားမှု ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် နိုဝင်ဘာ ၁ ရက်က စတင်ပြီး အာမခံကြေးတွေ ရုတ်တရက် မြင့်တက်လာဖို့ မျှော်လင့်ရပါတယ်။
အမတော်ကြေး ထုတ်ပေးမှု တိုးချဲ့ဖို့ သဘောတူညီမှု တစ်ရပ် မရရှိဘဲ အစိုးရဌာနတွေကို ပြန်ဖွင့်ဖို့ ဒီမိုကရက်တို့က ငြင်းဆိုနေကြပေမယ့် ထရန့်ရဲ့ ရီပက်ဘလေကန်တွေကတော့ သူတို့ တောင်းဆိုထားတဲ့အတိုင်း ဖြစ်မလာခင်အထိ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။
ဝါရှင်တန်မှာ အငြင်းပွားနေကြချိန် အမေရိကန်နိုင်ငံသား အများအပြား စားရေးသောက်ရေး ပြဿနာတွေနဲ့ စတင် ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
ဝင်ငွေနည်း အမေရိကန် ၄၂ သန်းအတွက် လိုအပ်တဲ့ ကုန်တွေ ဝယ်ယူနိုင်ဖို့ ကူညီပေးနေတဲ့ SNAP ဒါမှမဟုတ် ဖြည့်စွက်အာဟာရ အထောက်အကူ စီမံကိန်းအတွက် ရန်ပုံငွေတွေဟာ အခု သီတင်းပတ်ကုန်မှာ ကုန်သွားတော့မှာ ဖြစ်ပါတယ်။
အစိုးရဌာန ပိတ်သိမ်းထားရချိန်အတွင်း စားနပ်ရိက္ခာ အကူအညီအတွက် အရေးပေါ်ရန်ပုံငွေတွေကို ထုတ်ယူ အသုံးပြုရေး တောင်းဆိုမှုတွေ ရှိနေပေမယ့် သဘာဝဘေးလို အခြေအနေမျိုးအတွက် အဲဒီ ရန်ပုံငွေတွေ လိုအပ်မှာ ဖြစ်လို့ ထုတ်ယူသုံးစွဲမှာ မဟုတ်ဘူးလို့ သိရပါတယ်။
အခုလို အစိုးရက စားနပ်ရိက္ခာ ဆက်လက်ထောက်ပံ့ဖို့ မရေရာ ဖြစ်နေတဲ့အချိန်မှာ အမေရိကန် နိုင်ငံသားတွေ စုဖွဲ့ပြီး ထိခိုက်လွယ်သူတွေကို ကူညီပေးဖို့ ပြင်ဆင်နေကြပါတယ်။
တချို့က ဝင်ငွေနည်း မိသားစုတွေအတွက် ကုန်စည်တွေ ဝယ်ယူနိုင်ဖို့ ကိုယ်တိုင် ငွေစိုက်ထုတ် ကူညီနေကြပါတယ်။
အမေရိကန် လေဆိပ်တွေမှာလည်း အလုပ်သမားအင်အား လျှော့ချထားတာကြောင့် အနှောင့်အယှက် ဖြစ်မှုတွေ ရှိနေကြောင်း သိရပါတယ်။
Ref:AFP

