စစ်တွေ၊ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ရေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အရင်ထက် ပိုမိုသတိထားကြဖို့ အာရက္ခတပ်တော် AA က အောက်တိုဘာ ၃၁ ရက်နေ့ ညနေပိုင်းမှာ အထူးသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းမြောက်ဒေသမှာ အပစ်ခတ်ရပ်စဲမှု သဘောတူညီမှုတွေ ရရှိထားတဲ့ အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းက အပြစ်မဲ့အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေ လက်ရဲဇက်ရဲ ပိုမိုကျူးလွန်လာတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် စစ်ကော်မရှင်တပ်ဟာ တအာင်းတပ်တော်နဲ့ အပစ်ရပ်ဖို့ သဘောတူညီမှု ရရှိပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့ တစ်ရက်တည်း ရခိုင်ပြည်နယ်က စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ကျောက်ဖြူမြို့တို့ကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဲဒီဒေသတွေက အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အာရက္ခပြည်သူတွေအနေနဲ့ အရင်နေ့တွေထက် ပိုမိုသတိထားကြဖို့နဲ့ စစ်ရေးသတိ အပြည့်အဝ နေ့ညအချိန်မရွေး ရှိကြဖို့ အာရက္ခတပ်တော် AA က အထူးသတိပေးချက် ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော် AA ကတော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး ပြည်သူတွေအပေါ် ကမ်းကုန်အောင် ရက်စက်ယုတ်မာနေတာလို့ ဝေဖန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA (ပုံဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.