နေပြည်တော် ၊ နိုဝင်ဘာ ၁

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါအဝင် တိုင်းနဲ့ ပြည်နယ် ကိုးခုက ၆၃ မြို့နယ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အရေးပေါ်အခြေအနေအဖြစ် ထပ်တိုးကြေညာပါတယ်။

နိုင်ငံ့အာဏာသုံးရပ်စလုံးကို လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အမိန့်ကို ဆက်လက်အတည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ဇူလိုင် ၃၁ ရက်နေ့ကစပြီး ရက်ပေါင်း ၉၀ အထိ သတ်မှတ်ထားတဲ့ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတဲ့ ၆၃ မြို့နယ်ကို အခုခါမှာ နောက်ထပ် ရက်ပေါင်း ၉၀ သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။

လက်နက်ကိုင်သောင်းကျန်းမှုတွေ ချုပ်ငြိမ်းစေရေးနဲ့ နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၁၂(က) အရ အရေးပေါ်အခြေအနေကြေညာတာလို့ အကြောင်းပြထားတာပါ။

ကြေညာထားတဲ့ ဒေသတွေထဲမှာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ်အများဆုံးပါဝင်ပြီး ကျန်ပြည်နယ်တွေဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ တိုင်းဒေသကြီးတွေထဲက စစ်ကိုင်း၊ မကွေး၊ မန္တလေးက မြို့နယ်တွေလည်း ပါဝင်ပါတယ်။

ထူးခြားချက်အနေနဲ့ ဝ နဲ့ မိုင်းလား ထိန်းချုပ်ထားတဲ့ ဟိုပန်နဲ့ မိုင်းလားမြို့နယ်တို့ကိုပါ ထပ်မံ ထည့်သွင်းထားသလို စစ်တပ်က အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အလုံးစုံ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ အများအပြား ပါဝင်နေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်ကြားဝင်ညှိနှိုင်းပေးမှုအရ တအာင်းတပ် TNLA နဲ့ စစ်တပ်တို့ရဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်မှာ မန္တလေးတိုင်းက မိုးကုတ်နဲ့ ရှမ်းမြောက်က မိုးမိတ်မြို့နယ်တို့ကို TNLA က ဆုတ်ခွာပေးခဲ့ရပါတယ်။

ဒါပေမယ့် မန္တလေး PDF က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် စစ်ကော်မရှင်က အဲဒီ နှစ်မြို့နယ်ကို အရေးပေါ်အခြေအနေကြေညာထားတဲ့ စာရင်းထဲ ပျက်ဖျက်ခြင်း မရှိခဲ့ပါဘူး။

အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေး ရပ်ရွာအေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ မူလအခြေအနေ ပြန်လည်ရောက်ရှိစေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃ ၊ ပုဒ်မခွဲ (ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ကိုလည်း ရက်ပေါင်း ၉၀ ထပ်တိုးလိုက်တာပါ။

ဒါကြောင့် မူလအခြေအနေပြန်ရောက်ဖို့ အဲဒီ မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတာဝန်တွေကို တပ်ချုပ်ထံ အပ်နှင်းပြီး အဲဒီကနေ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ စစ်တိုင်းမှူးတွေကို ပြန်လည်အပ်နှင်းကာ အမိန့်ကို ဆက်လက်အတည်ပြုတာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခံထားရတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေးအဖြစ် လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေးအပြင် သယ်ယူပို့ဆောင်ရေးကိုပါ သက်ဆိုင်ရာ စစ်တိုင်းမှူးနဲ့ ဒေသကွပ်ကဲရေးမှူးတွေကို လုပ်ပိုင်ခွင့် ပေးအပ်ထားတာပါ။

အလားတူ တရားစီရင်ရေးမှာလည်း တရားရုံးတွေဖွဲ့စည်းတာ၊ စစ်ခုံရုံးနဲ့ စစ်ဆေးတာ၊ ပြစ်ဒဏ်ချမှတ်ရင် သေဒဏ်၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပါအဝင် အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ဖို့နဲ့ အယူခံပိုင်ခွင့် မရှိစေရဘူးလို့ ညွှန်ကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MDYPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.