တနင်္သာရီ၊ အောက်တိုဘာ ၃၀
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လေးမိုင်ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်၂ တပ်ရင်းထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က လေးမိုင်ကျေးရွာအနီးမှာ အင်အား ၇၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က အရာရှိတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒူးကြိုးလေးမိုင်ကျေးရွာနေ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ (၁) ၊ တပ်ရင်း ၃ ခွဲ (၂) ၊ KNDO တပ်ရင်း ၇ ခွဲ (၃ )၊ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် တမုတ်ချုံကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင်အမှတ်၂ တပ်ရင်း

