သထုံ၊ အောက်တိုဘာ ၂၈

မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းနဲ့ရေဝေကျေးရွာတွေအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော် မရှင်တပ်ဟာ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် မိုးကောင်းနဲ့ရေဝေကျေးရွာတွေအနီးမှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၂၅ ရက်နေ့ကစလို့ ရေဝေ၊ ချောင်းစောင့်နဲ့ မိကျောင်းအိုင်ကျေးရွာဘက်ကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ ဥယျာဉ်ခြံတွေထဲ သွားဖို့ စိုးရိမ်ပူပန်မှုတွေ ရှိနေပြီး တချို့ဒေသခံကတော့ နေရပ်စွန့်ခွာ တိမ်းရှောင်တာတွေ ရှိနေတာပါ။

ဒီလက်နက်ကြီး ပစ်ခတ်မှုကို သထုံအခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ်က လုပ် ဆောင်နေတာ ဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ သထုံမြို့နယ်အတွင်းမှာ လုံခြုံရေး တိုးမြှင့်ပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ အရှိန်မြှင့်လုပ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.