တိုကျို၊ အောက်တိုဘာ ၂၈

မြေရှားသတ္တုနဲ့ တခြား အရေးကြီးတဲ့ သတ္တုများ ထုတ်ယူသုံးစွဲခွင့်၊ ထောက်ပံ့ရေး လမ်းကြောင်းတွေ အားကောင်းလာအောင် ဆောင်ရွက်ရေး ပူးတွဲစာရွက်စာတမ်း သဘောတူညီချက်တွေအတွက် ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်တို့ ကြိုတင် ပြင်ဆင်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း Asahi သတင်းစာက အောက်တိုဘာ ၂၈ ရက်မှာ ဖော်ပြပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာ ခေါင်းဆောင်နှစ်ဦး လက်မှတ်ရေးထိုးမယ့် အဲဒီ သဘောတူညီချက်က တရုတ်ရဲ့ လုပ်ရပ်ကြောင့် ထွက်ပေါ်လာတဲ့ စီးပွားရေး ဖူလုံမှုဆိုင်ရာ စိုးရိမ်မှုတွေ ပြေလည်စေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဂျပန်အစိုးရ အရာရှိတွေကို ကိုးကားပြီး Asahi သတင်းစာက ဖော်ပြထားပါတယ်။

စမတ်ဖုန်းတွေကနေ တိုက်လေယာဉ်တွေအထိ နည်းပညာမြင့် ထုတ်ကုန်တွေကို ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ မြေရှားသတ္တု တင်ပို့မှုကို တရုတ်က အောက်တိုဘာလ အတွင်း တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခဲ့တာပါ။

ဒါက တရုတ် ထုတ်ကုန်တွေအပေါ် အခွန် တိုးကောက်မယ်လို့ မကြာခဏ ခြိမ်းခြောက်နေတဲ့ အမေရိကန်ကို ဘေဂျင်းက အကောင်းဆုံး လက်တုံ့ပြန်လိုက်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ချိန်အထိ တိုက်ပွဲဝင်သွားမယ်လို့ တရုတ်က ကြွေးကြော်ထားပြီးနောက် မြေရှားသတ္တု ထိန်းချုပ်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်ဟာ ကမ္ဘာမှာ မြေရှားသတ္တု တူးဖော်မှုနဲ့ သန့်စင်ထုတ်လုပ်မှု နယ်ပယ်ကို ကြီးစိုးထားပြီး အမေရိကန်နဲ့အနောက်နိုင်ငံတွေက တရုတ်ကို တားဆီးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တု ထုတ်လုပ်မှု နယ်ပယ်ကို တရုတ် ကြီးစိုးထားမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဝါရှင်တန်က တရုတ်ရဲ့ ပြည်ပပို့ကုန်တွေအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံဖို့ မူလက စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝါရှင်တန်နဲ့ ဘေဂျင်းကြား အောက်တိုဘာ ၂၆ ရက်က ကုန်သွယ်ရေး သဘောတူညီမှုဆိုင်ရာ မူဘောင် သဘောတူညီချက် ရယူနိုင်ခဲ့တာကြောင့် အမေရိကန် အခွန်ကောက်မယ့် အစီအစဉ်နဲ့ တရုတ်ရဲ့ မြေရှားသတ္တု ထိန်းချုပ်ထားမယ့် ကိစ္စရပ်တန့်သွားနိုင်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ညီလာခံ ပြင်ပမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အောက်တိုဘာ ၃၀ ရက်မှာ လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

အဲဒီညီလာခံမှာ မိမိနဲ့ ရှီကျင့်ဖျင်ကြား ကောင်းမွန်တဲ့ ကုန်သွယ်ရေး သဘောတူညီမှု တစ်ရပ် ရယူနိုင်မယ်လို့ မျှော်လင့်ကြောင်း ထရန့်က အရင်ကတည်းက အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.