တနင်္သာရီ၊ အောက်တိုဘာ ၂၈
နှစ်ဖက်စစ်ရေးပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်း မြိတ်ခရိုင် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းမြို့နယ် ပြည်ထောင်စုကားလမ်းမကြီးအား အသုံးပြုပြီး ခရီးသွားလာမှုကို ပိတ်ပင်လိုက်တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန အမှတ် (၃၅) နည်းဗျူဟာအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တနင်္သာရီမြို့နယ်အတွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ခရီးသွားလာဖို့ မသင့်တော်တာကြောင့် အောက်တိုဘာ ၂၈ ရက်နေ့ကစပြီး ခရီးသွားလာမှု မပြုကြဖို့ သတိပေးတားမြစ်လိုက်တာပါ။
လက်ရှိမှာ တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ (၃၅) နယ်မြေဖြစ်တဲ့ တနင်္သာရီမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသလို ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နဲ့ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုပါ လက်နက်ကြီးနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ဒေသတွင်း ကာလမ်းမကြီးတွေမှတဆင့် စစ်ကူနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အပြင် အဲဒီလမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်တွေ အခြေကျတည်ဆောက်ကာ ခရီးသွားပြည်သူတွေကို တရားမဲ့ စစ်ဆေးတာ လုံခြုံရေးအကြောင်းပြပြီး ကုန်စည်တွေကို စစ်ဆေးတာနဲ့ လူငယ်တွေကို အဓမ္မဖမ်းဆီးပြီး တပ်သားစုဆောင်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မြိတ်-ဘုတ်ပြင်း-တနင်္သာရီမြို့နယ်အတွင်းရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုပြီး ခရီးသွားလာခြင်းမပြုကြဖို့ တနင်္သာရီတိုင်းစစ်ဌာန အမှတ် (၃၅) နည်းဗျူဟာအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

