ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၈

နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရရေး စစ်ကော်မရှင်ကြိုးပမ်းမှုအတွက် ဆုတ်ယုတ်မှု တစ်ခုအနေနဲ့ အာဆီယံက ဒီဇင်ဘာလကုန်ပိုင်း ကျင်းပဖို့စီစဉ်ထားတဲ့ မြန်မာ ရွေးကောက်ပွဲ အတွက် လေ့လာစောင့်ကြည့်သူတွေ စေလွှတ်သွားမှာ မဟုတ်ဘူးလို့ သံတမန်ရေး သတင်းရင်းမြစ်တွေက အောက်တိုဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက် စတင်မယ့် ရွေးကောက်ပွဲဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်လာခဲ့တဲ့ ပြည်တွင်းစစ်အတွင်း ပြန်လည် ရင်ကြားစေ့ရေး ခြေလှမ်းဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုထားပါတယ်။

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ အောက်တိုဘာ ၂၇ ရက်ကလည်း ထပ်မံ တိုက်တွန်းထားပါတယ်။

မလေးရှားမှာ တွေ့ဆုံနေကြတဲ့ အာဆီယံ ၁၁ နိုင်ငံရဲ့ ခေါင်းဆောင်တွေက မြန်မာ ပြည်တွင်းစစ်နဲ့ပတ်သက်လို့ များစွာ စိုးရိမ်ကြောင်း၊ ငြိမ်းချမ်းမှု ရရှိရေး ဆောင်ရွက်မှု တိုးတက်မှု မတွေ့ရဘူးလို့ အောက်တိုဘာ ၂၆ ရက် ကြေညာချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ရွေးကောက်ပွဲ မတိုင်ခင် လုပ်ရမှာ ဖြစ်ကြောင်း အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး စစ်ကော်မရှင်က ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ပေးဖို့ အာဆီယံကို တောင်းဆိုထားကြောင်း ဖော်ပြထားပါတယ်။

အာဆီယံက လေ့လာစောင့်ကြည့်သူတွေ ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေက နှစ်နိုင်ငံ သဘောတူညီမှုတွေနဲ့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်လို့ရပါတယ်လို့ အမည်မဖော်လိုတဲ့ သံတမန် တစ်ယောက်က AFP သတင်းဌာနကို ပြောထားပါတယ်။

အာဆီယံဆိုတဲ့ ခေါင်းစဉ်နဲ့ ရွေးကောက်ပွဲအတွက် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရေး ဘုံသဘောတူညီချက် မရှိဘူးလို့ ဒုတိယသံတမန် တစ်ယောက်က အတည်ပြုပါတယ်။

အာဆီယံက လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ခြင်းမရှိတာကြောင့် တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ အသည်းအသန် မျှော်လင့်နေတဲ့ စစ်ခေါင်းဆောင်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်တယ်လို့ အတိုင်ပင်ခံလုပ်ငန်း Solaris Strategies Singapore ရဲ့ နိုင်ငံတကာရေးရာ သုတေသီ မစ္စတာ မူစတာဖာ အီဇူဒင်က ပြောပါတယ်။

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ အထောက်အထား မတွေ့ရဘူးလို့ သူက ပြောပါတယ်။

အဲဒီ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြစ်တင်ရှုတ်ချထားပြီး စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအတွက် အရေးပါသူ မှန်သမျှကို ဖမ်းဆီးပြီး ဖိနှိပ်တဲ့ နည်းလမ်းတွေ သုံးနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က စွပ်စွဲထားပါတယ်။

ရွေးကောက်ပွဲဟာ ဒီမိုကရေစီ လိုလားတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ အများကြီးမှာ ကျင်းပဖြစ်မှာ မဟုတ်ပါဘူး။

ဥရောပသမဂ္ဂကလည်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ကြောင်းနဲ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

မြန်မာဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေသေးပေမယ့် စစ်ခေါင်းဆောင်တွေကို ထိပ်တန်း အစည်းအဝေးတွေ တက်ရောက်ခွင့် မပြုပါဘူး။

စစ်ခေါင်းဆောင်တွေ အကွက်ချ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ပြီးတော့ တရားဝင် ဖြစ်ကြောင်း အသိအမှတ်မပြုမိစေဖို့ အာဆီယံကို ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးကလည်း သတိပေးထားပြီး ဖြစ်ပါတယ်။

Ref:AP/Straitetimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.