ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၈

ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီး မျှတမှု ရှိလိမ့်မယ်လို့ ယုံကြည်သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က အောက်တိုဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးဖို့နဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လိုအပ်နေကြောင်းလည်း အတွင်းရေးမှူးချုပ် ဂူတာရက်ဇ်က ဆိုတာပါ။

အဲဒီ ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ယုံကြည်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်လို့ ဂူတာရက်ဇ်က ၄၇ ကြိမ်မြောက် အာဆီယံ ညီလာခံနဲ့ ဆက်စပ် အစည်းအဝေး ပြင်ပ မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီက အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ စစ်ကော်မရှင်က ဒီဇင်ဘာ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်သူတွေက မြန်မာနိုင်ငံရဲ့ ပြဿနာတွေအတွက် အဖြေထွက်လာအောင် ကူညီပေးလိမ့်မယ်လို့ ယုံကြည်သူ ရှိလိမ့်မယ်လို့ မိမိအနေနဲ့ မထင်မှတ်ကြောင်း ဂူတာရက်ဇ်က တုံ့ပြန်လာတာပါ။

လက်ရှိအချိန်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးဖို့ လိုအပ်နေသလို တချိန်တည်းမှာပဲ အရပ်သား အုပ်ချုပ်မှုဆီ ဦးတည်စေမယ့် နိုင်ငံရေးဆင့်ကဲ ပြောင်းလဲမှုအတွက် လမ်းဖွင့်ပေးရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံး ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာက ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် မဲလိမ်တယ်လို့ စစ်တပ်က အကြောင်းပြပြီး အာဏာသိမ်းထားခဲ့တာ ဒီနေ့ အချိန်အထိ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ စံချိန်စံညွှန်းတွေနဲ့ လုံးဝ ကိုက်ညီမှု မရှိတာကြောင့် ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ စေလွှတ်ပေးမှာ မဟုတ်ဘူးလို့ အီးယူက ပြောထားပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ စေလွှတ်ပေးဖို့ အာဆီယံကို တောင်းဆိုထားပေမယ့် အာဆီယံကလည်း စေလွှတ်ပေးမှာ မဟုတ်ဘူးလို့ သတင်းထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ အာဆီယံ အဖွဲ့ဝင်တွေ အနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်နိုင်တယ်လို့ သံတမန်ရေး သတင်းရင်းမြစ်တွေက ပြောကြား ထားပါတယ်။

Ref:Trtworld

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.