မြင်းခြံ၊ အောက်တိုဘာ ၂၈

မန္တလေးတိုင်း မြင်းခြံမြို့နယ် မြင်းခြံအကျဉ်းထောင်မှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

မြင်းခြံထောင်မှာ ဖမ်းဆီးအကျဉ်းခံထားရတဲ့ အသက် ၂၉ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်းဟာ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ သေဆုံးခဲ့တာပါ။

ကိုချမ်းမင်းဟိန်းဟာ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးပုဒ်မ၊ ဖောက်ခွဲ၊ လက်နက်မှုစတဲ့ ပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရချိန် ကျောက်ကပ်၊ အသဲခြောက်၊ အသဲရောင်အသားဝါရောဂါတွေနဲ့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ PPNM က ဆိုပါတယ်။

မြန်မာနိုင်ငံအသီးသီးရှိ အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ လုံလောက်စွာ ဆေးဝါးစောင့်ရှောက်မှု မရရှိတာ၊ အချိန်မီဆေးကုသခွင့် မရရှိတာကြောင့် မသေဆုံးသင့်ဘဲ အသက်သေဆုံးနေရတာ ဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၂၈ ဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.