ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၅
ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး အာဆီယံရဲ့ လေးနှစ်တာ အစီအစဉ်ဟာ အကောင်အထည် ဖော်ရ မခက်ဘဲ နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်တပ်က လိုက်နာသင့်ပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ဖြန့်ဝေခွင့် ပေးသင့်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ဒီဇင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာ ရွေးကောက်ပွဲကို အာဆီယံက တားဆီးဖို့ မဖြစ်နိုင်ပေမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်ကြတယ်လို့လည်း ဝန်ကြီး မိုဟာမက် ဟာဆန်က ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကနေ စစ်တပ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးအဖြစ် ပြောင်းလဲသွားပြီးနောက် လအနည်းငယ်အကြာမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အချက်ငါးချက်ပါ ဘုံသဘောတူညီမှုကို အာဆီယံနဲ့ စစ်ခေါင်းဆောင်တို့ သဘောတူညီခဲ့ကြပါတယ်။
ဒါပေမဲ့ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက်ကို လျစ်လျူရှုနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

အချက် ငါးချက်ပါ ဘုံသဘောတူညီမှုက အကောင်အထည်ဖော်ဖို့ မခက်ပါဘူး။ ဆွေးနွေးမှုတွေ လုပ်ဖို့၊ ပြည်သူတွေဆီ အကူအညီတွေ ရောက်ရှိခွင့် ပေးဖို့၊ အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးမှု ပြန်လုပ်ဖို့က ကောင်းပါတယ်လို့ အာဆီယံ ညီလာခံမတိုင်ခင် ကွာလာလမ်ပူမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပြီးနောက် ဝန်ကြီး မိုဟာမက် ဟာဆန်က ပြောလိုက်တာပါ။
အဲဒီ ငြိမ်းချမ်းရေး အစီအစဉ်ဟာ အများအားဖြင့် မအောင်မြင်ဘဲ စစ်ခေါင်းဆောင်တွေက အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားတဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ ဆန္ဒမရှိ ဖြစ်နေပါတယ်။
အရပ်သား ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဥပဒေချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ အနောက်တိုင်းရဲ့ စွပ်စွဲချက်တွေကို စစ်တပ်က ပယ်ချပြီး ငြိမ်းချမ်းရေးအတွက် ကတိပြုထားတယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်တွေက လာမယ့် ရွေးကောက်ပွဲကို ဒီမိုကရေစီသို့တဆင့်ချင်း လျောက်လှမ်းမှုလို ပုံဖော် ပြောဆိုနေပေမယ့် အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်ဆိုပြီး နိုင်ငံတကာမှာ ရှုတ်ချခံနေရပါတယ်။
ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့အချိန်မှာ စစ်ခေါင်းဆောင်တွေက ဒီဇင်ဘာက စပြီး ရွေးကောက်ပွဲ အပိုင်းလိုက် ကျင်းပမယ်လို့ ကြေညာထားပေမယ့် ဒီမိုကရေစီလိုလားတဲ့ ပါတီတွေ ဖျက်သိမ်းခံထားရပြီး လက်ကျန်ပါတီတွေကတော့ ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒမရှိ ဒါမှမဟုတ် ပါဝင်ခွင့် တားမြစ်ခံထားရ ပါတယ်။
ကိုယ်စား နိုင်ငံရေးပါတီတွေကတဆင့် စစ်ခေါင်းဆောင်တွေရဲ့ အာဏာ ဆက်လက် တည်မြဲဖို့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပတာ ဖြစ်တယ်လို့ အများက ပြစ်တင်ဝေဖန်နေကြပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပမှာလည်း မဟုတ်ပါဘူး။
ရွေးကောက်ပွဲကို ကျွန်တော်တို့ တားဆီးလို့ မရနိုင်ပေမယ့် ပွင့်လင်းမြင်သားရှိပြီး အားလုံးပါဝင်တဲ့ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်လို့ ဝန်ကြီး မိုဟာမက် ဟာဆန်က ဆိုတာပါ။
“လူတွေ အားလုံး ပါဝင်ရပါမယ်။ မြန်မာနိုင်ငံက လူတချို့ပဲ ရွေးကောက်ပွဲ ဝင်ခွင့်ရပြီး ကျန်တဲ့ လူတွေ ပါဝင်ခွင့်မရတဲ့ ရွေးကောက်ပွဲမျိုးကို ကျွန်တော်တို့ အလိုမရှိပါဘူး။ အဲဒီကိစ္စကို ကျွန်တော်တို့ အာဆီယံ ခေါင်းဆောင်များ ထိပ်သီး ဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်” လို့ မိုဟာမက် ဟာဆန်က ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Reuters

