သထုံ၊ အောက်တိုဘာ ၂၅

မွန်ပြည်နယ် သထုံမြို့နယ် ရေဝေကျေးရွာနဲ့ချောင်းစောင့်ကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက် ပွဲအတွင်း စစ်ကော်မရှင်တပ်က ရွာသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကော် မရှင်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ စစ်ကြောင်းပြန်ဆုတ်စဉ် ရေဝေရွာခံတွေဖြစ်တဲ့ မောင်တာနေထူး၊ မောင်ဂွနဲ့ဦးဖားဒေးတို့ သုံးဦး ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ရေဝေရွာခံ သုံးဦးကို စစ်ကော်မရှင်တပ် ဖမ်းဆီးသွားတာကြောင့် မိသားစုဝင်တွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ရေဝေကျေးရွာနေ ဒေသခံပြည်သူ ၃၀၀ ကျော်ဟာ မိချောင်းအိုင်၊ ရွှေကြည်နဲ့ရွှေရောင်ပြကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာအနီး မိုး ကောင်း-ချောင်းစောက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကုန်တင်ယာဉ် တစ်စီး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.