လောင်းလုံး၊ အောက်တိုဘာ၂၃
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ဒေသခံပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကစလို့ ရေလမ်းကနေ ကျောက်ဆင်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် သဘော့ဆိပ်၊ကရင်ကြီးနဲ့ ကမ်းပနီကျေးရွာ အနီးပတ်ဝန်းကျင်တွေကို စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ဥယျာဉ်ခြံတွေနဲ့လမ်းမှာတွေ့ရတဲ့ ကရင်ကြီး၊ သဘော့ဆိပ်၊ ကျောက်ဆင်နဲ့ ကမ်းပနီကျေးရွာတို့က စစ်ဘေးရှောင် အမျိုးသား၊ အမျိုးသမီး ၅၀ ကျော်ကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးပြီး သွားလာနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် အောက်တိုဘာ ၂၁ ရက်နေ့က ကရင်ကြီးကျေးရွာအနီး၊ အောက်တိုဘာ ၂၂ ရက်နေ့က ကမ်းပနီကျေးရွာတို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၃ ရက်နေ့အထိ ကမ်းပနီကျေးရွာအနီးတဝိုက်မှာ ဆက်ရှိနေပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၅၀ ကျော်ကို ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ကျောက်ဆင်၊ သဘော့ဆိပ်၊ပြင်ကြီး၊ ကရင်ကြီးနဲ့ကမ်းပနီကျေးရွာတို့က ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ရှစ်သောင်းကျော်အထိ ရှိလာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

