ဆိုးလ်၊ အောက်တိုဘာ ၂၄
ယူကရိန်းနဲ့တိုက်ခိုက်နေတဲ့ ရုရှားစစ်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်သားတွေအတွက် အထိမ်းအမှတ် အဆောက်အဦ တစ်ခု စတင်တည်ဆောက်နေကြောင်း နိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၂၃ ရက်မှာ ဖော်ပြပါတယ်။
တိုက်ခိုက်ရေး စွမ်းဆောင်မှု အထိမ်းအမှတ်ပြတိုက်ကို မြို့တော် ပြုံယမ်းမှာ တည်ဆောက်သွားမှာ ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ မြောက်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ အခမ်းအနားတက်ရောက်ခဲ့ကြောင်း KCNA သတင်းမှာ ဖော်ပြထား ပါတယ်။

ပြတိုက် တည်ဆောက်ရေး အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ အခမ်းအနားသို့ မိန့်ခွန်း ပြောကြားမှာ ကင်ဂျုံအန်က စစ်မှန်တဲ့ မျိုးချစ်တွေ သေမျိုးမရှိတဲ့အကြောင်း ရည်ညွှန်းပြီး အခုလို ပြတိုက် တည်ဆောက်ဖို့ စီစဉ်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ကမ္ဘာပေါ်မှာ ပမာမခန့် အနိုင်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက ယူကရိန်းကို မော်စကို ကျူးကျော်တိုက်ခိုက်ပြီး နောက်ပိုင်း ရုရှားရဲ့ အဓိက မဟာမိတ် ဖြစ်လာခဲ့ပါတယ်။
ရုရှား အနောက်ပိုင်းရှိ ယူကရိန်းတပ်တွေကို တိုက်ထုတ်ရေး ကရင်မလင်နန်းတော်ကို ကူညီဖို့ မြောက်ကိုရီးယားက စစ်သားတွေ ထောင်နဲ့ချီပြီး စေလွှတ်ပေးထားသလို လက်နက်တွေလည်း ပေးပို့ ကူညီထားပါတယ်။

ရုရှားအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ မြောက်ကိုရီးယား စစ်သား ၆၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ ထောင်နဲ့ချီ ရှိကြောင်း တောင်ကိုရီးယားရဲ့ တွက်ချက်မှုတွေက ဖော်ပြပါတယ်။
ရုရှားအတွက် ကျိန်းသေအောင်ပွဲ ရရှိစေဖို့ ကူညီပေးနေတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ကင်ဂျုံအန်က ချီးကျူးသလို ရုရှားနဲ့ မြောက်ကိုရီးယားကြား သမိုင်းတလျှောက် အားအကောင်းဆုံး ဆက်ဆံရေး အခြေအနေကိုလည်း ချီးကျူးခဲ့ပါတယ်။
နာဇီလက်သစ် ကျူးကျော်သူတွေကို မိမိတို့ သူရဲကောင်းတွေက သစ္စာရှိတဲ့ စိတ်ဓာတ်နဲ့ ဖျက်ဆီး ချေမှုန်းနေတယ်လို့ ကင်ဂျုံအန်က ဆိုတာပါ။
အခုဆောက်လုပ်မယ့် ပြတိုက်မှာ ရုရှားအတွက် တိုက်ပွဲဝင်ပေးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေရဲ့ ရုပ်တုတွေ၊ ဓာတ်ပုံတွေနဲ့ တိုက်ပွဲတွေကို ပုံဖော်ထားတဲ့ အနုပညာလက်ရာတွေ ပါဝင်မယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက် အခမ်းအနားသို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှား သံအမတ် အလက်ဇန်းဒါး မတ်ဆီဂိုရာနဲ့ တခြား ရုရှား အရာရှိတွေ တက်ရောက်ခဲ့တယ်လို့ KCNA သတင်းမှာ ဖော်ပြပါတယ်။
ရုရှားမှာ သေဆုံးသွားတဲ့ စစ်သားတွေရဲ့ မိသားစုဝင်တွေနဲ့အတူ မြောက်ကိုရီးယား အစိုးရနဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားကြား တစ်နိုင်ငံ တိုက်ခိုက်ခံလာရရင် နောက် တစ်နိုင်ငံက စစ်ရေးအရ ကူညီပေးမယ်ဆိုတဲ့ သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးထားပါတယ်။
ဒီလို ကူညီပေးတဲ့အတွက် ရုရှားက မြောက်ကိုရီးယားကို အာကာသနဲ့ ဂြိုဟ်တု နည်းပညာတွေ အပါအဝင် အဆင့်မြင့် နည်းပညာတွေ ပေးပို့ ကူညီနေတယ်လို့ ဝါရှင်တန်က ပြောပါတယ်။
Ref:AFP

