နေပြည်တော် ၊ အောက်တိုဘာ ၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တက်ရောက်မယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအ ဝေးမှာ မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့်မရှိတဲ့အပေါ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အပြောင်းအလဲဖြစ်လာမလားဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။
အောက်တိုဘာ ၂၆ ကနေ ၂၈ ရက်နေ့အထိ ကွာလာလမ်ပူမြို့မှာ ကျင်းပသွားမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ တက်ရောက်မှာ မဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအေဗရာဟင်က အတည်ပြုထားတာပါ။
အာဆီယံထိပ်သီးအစည်းအဝေးကိုတော့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအပြင် အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ အိန္ဒိယအပါဝင်အာဆီယံရဲ့ ဆွေးနွေးဖက် နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက အစည်းအဝေးတက်ရောက်ဖို့ မလေးရှားနိုင်ငံကို အောက်တိုဘာ ၂၃ ရက်နေ့ကတည်းက ရောက်ရှိနေတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နေရာအလွတ်ထားရှိခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးအပါအဝင် အမေရိကန်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုနဲ့ ဒေသဆိုင်ရာ လုံခြုံရေး စတဲ့ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးဖို့ ရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြကြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က မြန်မာ့အရေး ဖြေရှင်းရာမှာ မညီညွတ်တဲ့ အာဆီယံဆီက မျှော်လင့်လို့ မရဘဲ အမေရိကန်သမ္မတရဲ့ပြောဆိုမှုအပေါ် စောင့်ကြည့်ရမယ့် သဘောလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အာဆီယံက မညီညွတ်ဘူး။အာဆီယံက ဘာမှ မမျှော်လင့်နဲ့။ သူတို့က ရွေးကောက်ပွဲအပေါ်မှာ ဘုံသဘောတူညီချက်နဲ့ ဒီရွေးကောက်ပွဲက ပြည်သူလူထုအကျိုးကို ရှေးရှုမယ့် ရွေးကောက်ပွဲ မဟုတ်ဘူး။ သူတို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့လည်း မကိုက်ညီဘူးဆိုပြီးတော့ အဲဒီလို ကြေညာချက် ထွက်လာမယ်ဆိုရင်တော့ ဒါတော်တော် မျှော်လင့်ချက်ရှိတာပေါ့။ အဲဒါလည်း မညီ ညွတ်ပါဘူး။ ဒီစစ်အစိုးရက အဲဒါတွေ ဂရုမစိုက်ဘူး။ ဂရုမစိုက်လို့ပဲ လုပ်ချင်ရာလုပ်နေတာ ဒီ ၅ နှစ်မှာ အာဆီယံကို ခေါင်းထဲတောင် ထည့်မထားဘူး။ အဲဒီတော့ သမ္မတကြီးရဲ့(ဒေါ်နယ်ထရန့်) အပေါ်မှာပဲ ဘာပြောမလဲ။ အဲဒီအပေါ်မှာပဲ စောင့်ကြည့်ရမယ့် သဘောရှိတာပေါ့နော်”လို့ ဆိုပါတယ်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ပတ်သက်ပြီး အမေရိကန် သမ္မတရဲ့ ကိုင်တွယ်မှုအပေါ်မှာသာ မျှော်လင့်ချက်ရှိနိုင်မယ်လို့ သူက မှတ်ချက်ပြုပါတယ်။
တစ်ဘက်မှာ အခုနှစ်ကုန်ပိုင်းအတွင်း စစ်ကော်မရှင်က ဦးဆောင်ပြီး အပိုင်းလိုက် အထွေထွေ ရွေး ကောက်ပွဲကျင်းပသွားဖို့ ပြင်ဆင်နေတဲ့အပေါ် အာဆီယံက ပြတ်ပြတ်သားသား ကန့်ကွက်တာ မရှိသေးပါဘူး။
အဲဒီရွေးကောက်ပွဲဟာ မြန်မာ့ပဋိပက္ခဖြေရှင်းရာမှာအဖြေမဟုတ်ဘူးလို့သာ တုံ့ပြန်ထားကြတာပါ။
ဒါကြောင့် ရွေးကောက်ပွဲဖြစ်မြောက်သွားခဲ့ရင် အာဏာသိမ်း စစ်ကော်မရှင်ဟာ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းပြီး တက်လာမှာဖြစ်လို့ အာဏာသုံးရပ်စလုံးကို ခွဲဝေပေးရမှာဖြစ်ပေမယ့် ထူးမခြားနားဘူးလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်းက ကိုမင်းသွေးသစ်က ရွေးကောက်ပွဲကနေ တက်လာမယ့် အစိုး ရနဲ့ အာဆီယံတို့ ဆက်လက်ပူးပေါင်းနိုင်မယ့်အခင်းအကျင်းတွေ ရှိနိုင်ပေမယ့် မြန်မာ့အရေးဟာ ထူးထူးခြားခြား ပြောင်းလဲမှုမရှိနိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အာဆီယံဘက်ကတော့တက်လာမယ့် အရပ်သားအစိုးရနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်မယ်တို့ ဘာတို့ နိုင်ငံတကာအဖွဲ့အစည်းတွေကဒီလိုပဲ သွားကြမှာပဲ။ ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် သဘောထား စစ်အာဏာရှင်တွေအပေါ်သဘောထားနဲ့ လက်ရှိ မြန်မာပြည်မှာ ဒုက္ခရောက်နေတဲ့ ဖြစ်စဉ်တွေ ပြည်သူတွေ အကြမ်းဖက်မှုခံနေရတဲ့ ဖြစ်စဉ်မှာတော့ နိုင်ငံတကာက စိတ်ဝင်စားမှု ထိရောက်စွာ ကူညီနိုင်မှုကတော့ အားနည်းနေတုန်း ဖြစ်နေတာမို့ အာဆီယံရဲ့ အခင်းအ ကျင်းက နောက်တက်လာမယ့် အစိုးရလက်ထက်မှာ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပေမယ့် ကျွန် တော်တို့ မြန်မာပြည်ရဲ့ နိုင်ငံရေး ပြည်သူတွေရဲ့ နေ့စဉ်စားဝတ်နေရေး လုံခြုံရေးကိစ္စတွေကတော့ ထူးထူးခြားခြား ပြောင်းလဲမှု မရှိနိုင်ဘူးလို့ ကျွန်တော်တို့က မြင်ပါတယ်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူပြီးလပိုင်းအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် အာဆီယံ ခေါင်းဆောင်တွေရှေ့မှာ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာပါ့မယ်လို့ ၂၀၂၁ ခုနှစ် ဧပြီမှာ လက်မှတ်ရေးထိုးခဲ့တာပါ။
အဲဒီဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်း သားတွေပြန်လွှတ်ပေးဖို့ ၊ အကြမ်းဖက်မှု ရပ်ဆိုင်းဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ဘတွေ့ဆုံဆွေးနွေးဖို့အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒါပေမယ့် အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူရတဲ့ နိုင်ငံတွေ တစ်နိုင်ငံပြီး တစ်နိုင်ငံ အပြောင်းအလဲဖြစ်ခဲ့ပေမယ့် စစ်ကော်မရှင်ဘက်ကဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါဘူး။
လေ့လာသူတွေကတော့ ဘုံသဘောတူညီချက်၅ ရပ်ဟာ မြန်မာ့အကျပ်အတည်းဖြေရှင်းရာမှာ ထိရောက်မှုမရှိသလို အာဆီယံအဖွဲ့အစည်းအနေနဲ့လည်း ဘာမှ လွှမ်းမိုးလုပ်ဆောင်နိုင်ခြင်းမရှိတဲ့ အနေအထားမျိုးလို့ ဝေဖန်သုံးသပ်ထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

