လန်ဒန်၊ အောက်တိုဘာ ၂၄
ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟာလေက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို သတင်းစကားတစ်ခု ပေးလိုက်ပြီး ခင်ဗျားတို့ရဲ့ ရေငုပ်သင်္ဘောတွေကို ကျွန်တော်တို့ လိုက်ရှာနေတယ်လို့ ပြောလိုက်ပါတယ်။
ဗြိတိန်ရေပြင်ကို ခြိမ်းခြောက်နေတဲ့ ရုရှားသင်္ဘောတွေ ၃၀ ရာခိုင်နှုန်းအထိ ပိုများလာတယ်လို့ ဝန်ကြီးဟာလေက ပြောပါတယ်။

ဒါဟာ ရုရှားရဲ့ ရန်စမှုတွေ ပိုများလာတဲ့ လက္ခဏာ ဖြစ်ပြီး ယူကရိန်းကိုသာ မဟုတ်ဘဲ ဥရောပကိုပါ ခြိမ်းခြောက်နေတယ်လို့ ဂျွန်ဟာလေက ဆိုတာပါ။
မြောက်အတ္တလန္တိတ်မှာ ရုရှား ရေငုပ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုတွေဟာ အခုအချိန်မှာ စစ်အေးခေတ်က လှုပ်ရှားမှု အတိုင်းအတာမျိုးကို ပြန်ရောက်လာပြီလို့ သူက ပြောပါတယ်။
ရုရှား ရေငုပ်သင်္ဘောတွေ လှုပ်ရှားမှု ပိုများလာနေတဲ့ အတ္တလန္တိတ်ရေပြင်မှာ ဗြိတိန် တော်ဝင်ရေတပ်နဲ့ လေတပ်က စောင့်ကြည့် ထောက်လှမ်းမှုတွေ ပိုမို လုပ်ဆောင်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။

အဲဒီ ရေပြင်မှာ ဗြိတိန်လေတပ်က ၂၄ နာရီပတ်လုံး ကင်းလှည့်တာတွေ လုပ်ဆောင်နေပြီး နေတိုး အဖွဲ့ဝင်တွေကလည်း အားဖြည့်ပေးထားတယ်လို့ သိရပါတယ်။
ရုရှားက မိမိတို့ကို စိန်ခေါ်နေသလို အကဲစမ်းနေပြီး စောင့်ကြည့်နေကြောင်း၊ ဒါကြောင့် မိမိတို့ကလည်း ပူတင်ကို စောင့်ကြည့်နေပြီး ပူတင်ရဲ့ ရေငုပ်သင်္ဘောတွေကို လိုက်လံ ရှာဖွေနေတယ်လို့ ဝန်ကြီးဟာလေက ပြောပါတယ်။
ဗြိတိန် လေတပ်က အဲဒီရေပြင်ပေါ်မှာ သွားလာနေတဲ့ သင်္ဘောတွေကိုရော ရေအောက်မှာ လှုပ်ရှားနေတဲ့ ရေငုပ်သင်္ဘောတွေကိုပါ စောင့်ကြည့် ထောက်လှမ်းနေတာ ဖြစ်ပါတယ်။
ရုရှားက အင်တာနက်ဆက်သွယ်ရေး လိုင်းတွေ အနှောင့်အယှက် ဖြစ်သွားအောင် ရေအောက် ဆက်သွယ်ရေးကေဘယ်ကြိုးတွေကို ဖြတ်တောက်ပစ်ဖို့ ကြိုးပမ်းနေတယ်လို့ အနောက်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။
ရုရှား နျူကလီးယား ရေငုပ်သင်္ဘောတွေ ရှိနိုင်တဲ့ နေရာတွေကို အဓိက ထားစောင့်ကြည့်နေကြောင်း ဂျာမနီနဲ့ အမေရိကန်ကလည်း ပါဝင် ကူညီပေးနေတယ်လို့ ဗြိတိန်လေတပ်က ပြောဆိုထားပါတယ်။
Ref:BBC

