ပုလော၊ အောက်တိုဘာ ၂၄
တနင်္သာရီတိုင်း ပုလောမြို့ အမှတ် ၄ ရပ်ကွက် မူလတန်းကျောင်းအနီးမှာ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ တပ်သား တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ ကျောက်စုဂိတ်ဘက်ကနေ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံ ပြန်လာတဲ့ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကော်မရှင်တပ်သားတို့ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် ပုလောမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝေနဲ့ စစ်ကော်မရှင်တပ်သား တစ်ဦးတို့ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ပစ်ခတ်မှုပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ရောက်ရှိလာပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အဲဒီတချိန်တည်းမှာပဲ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာအနီးက အမှတ် ၈ မူလတန်းကျောင်းထဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိတာတော့ မရှိဘူးလို့ ဆိုပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့မှာ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း စစ်ကော်မရှင်တပ်က တပ်အင်အားဖြည့်တင်းတာ၊ လုံခြုံရေးတိုးမြှင့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

