ကော့ကရိတ်၊ အောက်တိုဘာ ၂၅
ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ကျေးရွာအုပ်စုမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းနဲ့ KNLA KNDO ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းက မြပတိုင်ရွာနဲ့ ကော့ဖန်ရပ်ကျေးရွာကြားမှာ နှစ်ဖက်တိုက်ပွဲ နာရီတော်တော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု များ ပြားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၆ ရက်နေ့က နဘူး-ကော့ကရိတ်လမ်းကို ပြန် လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လမ်းပိုင်းအနီးအနားမှာရှိတဲ့ ကျေးရွာတွေဖြစ်ကြတဲ့ မြပတိုင်၊ ကော့ဖန်ရပ်၊ နောင်းမီ၊ ထီဖိုးစံ၊ နောင်တပွဲ စတဲ့ကျေးရွာတွေဆီ စစ်ကြောင်းဆက်ထိုးခဲ့ရာ KNLA KNDO ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ဖြစ်နေခဲ့တာပါ။
အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းအချိန်က ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ထီဖိုးစံရွာထဲကို စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဗုံးအလုံးများစွာ ကြဲချတိုက်ခိုက်ခဲ့ရာ ထီဖိုးစံဘုန်းကြီးကျောင်းရှေ့နား ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြပတိုင်၊ ကော့ဖန်ရပ်၊ ထီဖိုးစံကျေးရွာတွေကနေတစ်ဆင့် နောင်နိုင်း၊ ရန်ကုတ်နဲ့ အောက်ဗိုလ်တဲရှိရာ ဒေါနတောင်ပေါ်လမ်းဟောင်းဆီ တက်ရောက်သွားမှာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ကော့ကရိတ်မြောက်ပိုင်းက တိုက်ပွဲတွေထဲမှာ စစ်ကော်မရှင်တပ်နဲ့အတူ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့တို့လည်း ပါဝင်ခဲ့ပြီး စစ်ကော်မရှင်တပ်စွဲထားရာ ကျေးရွာအတွင်းက ဒေသခံတွေရဲ့ နေအိမ်ပစ္စည်းတွေကို ဖျက်ဆီးမှုတွေလုပ်ဆောင်နေကာ ဒေသခံတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် မြပတိုင်၊ ကော့ဖန်ရပ်၊ နောင်းမီ၊ မိဖာလဲ၊ နောင်တပွဲ၊ လန်ခိုင်ဘိုင်း စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီကနေ့အချိန်အထိ နေရပ်ကို ပြန်မနေရဲကြသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

