ဝါရှင်တန်၊ အောက်တိုဘာ ၂၀
နယူးယောက်၊ ဝါရှင်တန် ဒီစီ၊ ချီကာဂို၊ မီယာမီနဲ့ လော့စ်အန်ဂျလိစ်တို့ အပါအဝင် အမေရိကန် နိုင်ငံတဝန်းရှိ မြို့တွေမှာ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ “ဘုရင်တွေ အလိုမရှိ” ဆန္ဒပြပွဲတွေမှာ လူတွေ အများကြီး ပါဝင်ခဲ့ကြပါတယ်။
နယူးယောက်စီးတီးရဲ့ အထင်ကရ တိုင်းမ်စကွဲလမ်းဆုံမှာ လူထောင်ပေါင်းများစွာက “ဒီမိုကရေစီဆိုတာ ဘုရင်စနစ် မဟုတ်” ၊ “ဖွဲ့စည်းပုံကို စိတ်ကြိုက်အသုံးချလို့ မရ” ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး လူထောင်ချီ ဆန္ဒပြခဲ့ကြပါတယ်။

အောက်တိုဘာ ၁၈ ရက် ဆန္ဒပြပွဲတွေမတိုင်မီ ထရန့်ရဲ့ မဟာမိတ်တွေက ဆန္ဒပြသူတွေဟာ လက်ယာ-လက်ဝဲ Antifa အဖွဲ့နဲ့ ဆက်နွယ်သူတွေ ဖြစ်တယ်လို့ စွပ်စွဲပြီး အမေရိကန် ပေါ် အမုန်းထားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်တယ်လို့ ပြောဆိုရှုတ်ချခဲ့ကြပါတယ်။
အမေရိကန် ပြည်နယ်တချို့မှာ အမျိုးသားအစောင့်တပ်ဖွဲ့တွေကို စုစည်းထားခဲ့ပေမယ့် လူ ၇ သန်းလောက် ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

ဇန်နဝါရီက အိမ်ဖြူတော်သို့ ပြန်လာပြီးနောက် ထရန့်က သမ္မတ လုပ်ပိုင်ခွင့် အာဏာတွေကို တိုးမြှင့်ခဲ့ပြီး ဖက်ဒရယ်အစိုးရရဲ့ အစိတ်အပိုင်းတွေကို ဖျက်သိမ်းပစ်ဖို့ အထူးအမိန့် ညွှန်ကြားချက်တွေကို အသုံးချခဲ့ပါတယ်။
ပြည်နယ် အစိုးရအဖွဲ့တွေက ကန့်ကွက်နေပေမယ့် အမေရိကန်မြို့တွေဆီအမျိုးသားအစောင့်တပ်ဖွဲ့ ချထားဖို့လည်း ထရန့်က လုပ်ဆောင်ခဲ့ပါတယ်။
သူ့ရဲ့ ရန်သူတွေလို့ ယူဆရသူတွေကို တရားစွဲဖို့လည်း ထရန့်က အစိုးရ အဖွဲ့ရဲ့ ထိပ်တန်း ဥပဒေစည်းကြပ်ရေး အရာရှိတွေကို တိုက်တွန်းခဲ့ပါတယ်။
ပြဿနာကြုံတွေ့နေတဲ့ နိုင်ငံကို ပြန်လည် တည်ဆောက်ရေး သူ့ရဲ့ အဲဒီ လုပ်ရပ်တွေ လိုအပ်တယ်လို့ ထရန့်က ပြောကြားပြီး သူဟာ အာဏာရှင် တစ်ယောက်လို ဒါမှမဟုတ် ဖက်ဆစ် တစ်ယောက်လို ပြုမူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရယ်စရာကောင်းတဲ့ ပြောဆိုမှုတွေအဖြစ် ပယ်ချထားပါတယ်။
ဒါပေမဲ့ ဝေဖန်သူ တချို့က ထရန့်အစိုးရရဲ့ လုပ်ရပ် တချို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘဲ အမေရိကန် ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ သတိပေးထားပါတယ်။
လူအများက မိမိကို ဘုရင်လို ရည်ညွှန်းနေကြပေမယ့် မိမိဟာ ဘုရင် တစ်ပါး မဟုတ်ဘူးလို့ ထရန့်က Fox News သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က စောင့်ကြည့်ခဲ့သလို ဝေဟင်မှာလည်း ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေ ဝဲပျံနေတာ တွေ့ရပါတယ်။
မြို့ရဲ့ ဒေသ ၅ ခုစလုံးမှာ စုဝေးတဲ့ ဆန္ဒပြသူ တစ်သိန်းကျော်ရှိခဲ့တယ်လို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောကြားပြီး ဆန္ဒပြပွဲနဲ့ ဆက်စပ်တဲ့ ဖမ်းဆီးမှုတွေ မရှိခဲ့ဘူးလို့ ပြောပါတယ်။
ဒေါ်နယ် ထရန့် ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန်မှာ နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Reuters/Ipsos စစ်တမ်း တစ်ရပ်မှာ ထရန့်ရဲ့ လုပ်ရပ်တွေကို ထောက်ခံသူ ၄၈ ရာခိုင်နှုန်းရှိပြီး မကျေနပ်သူ ၅၈ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။
သမ္မတတွေအနေနဲ့ သူတို့ရဲ့ ရာထူးသက်တမ်း ရှည်ကြာလာတာနဲ့အမျှ လူကြိုက်နည်းလာတာ ကြုံတွေ့နေကျ ဖြစ်ပါတယ်။
ဂျိုးဘိုင်ဒန်လည်း အစပိုင်းမှာ ထောက်ခံမှု ၅၅ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ၄၆ ရာခိုင်နှုန်းအထိပဲ ထောက်ခံမှု ရှိတော့တာကို စစ်တမ်းတွေမှာ တွေ့ရှိခဲ့ရတာပါ။
ထရန့် ထောက်ခံသူတွေရဲ့ စွပ်စွဲချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဆန္ဒပြသူတွေက မိမိတို့ဟာ အမေရိကန်ကို မုန်းလို့ မဟုတ်ဘဲ ချစ်လို့ အခုလို ဆန္ဒပြတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။
Ref:BBC

