လောင်းလုံး၊ အောက်တိုဘာလ ၂၀

တနင်္သာရီတိုင်း လောင်းလုံးမြိုနယ်မှာ စစ်ကော်မရှင် စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ ၃၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကော်မရှင် တပ်အင်အား ၁၀၀ ကျော်ဟာ ရေလမ်းကနေ ကျောက်ဆင်ကျေးရွာကိုဝင်ရောက်လာပြီးနောက် အနီးအနား ကျေးရွာတွေကို စစ်ကြောင်းဆက်ထိုးနေတာလို့ ဆိုပါတယ်။

ကျောက်ဆင်ရွာကနေ သဘော့ဆိပ် အဲဒီကနေ ကမ်းပနီဘက်ကို စစ်ကြောင်းရောက်ရှိနေလို့ တိုက်ပွဲဖြစ်မှာ အဖမ်းခံရမှာ စတဲ့ စိုးရိမ်ချက်တွေကြောင့် ဒေသခံတွေမှာ ထွက်ပြေးနေကြရတယ်လို့ ကျောက်ဆင်ရွာခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီ စစ်ကြောင်းဟာ အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ ကမ်းပနီ၊ သဘော့တိပ်ဘက်မှာရှိနေပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင် စစ်ကြောင်းဝင်လာပေမယ့် ဒီနေ့ (အောက်တိုဘာ ၂၀) ညနေအထိတော့ ဒေသကာကွယ်ရေးအဖွဲ့ PDF အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိသေးဘဲ စစ်ကော်မရှင်အဖွဲ့တွေက ကျေးရွာတွေမှာတော့ ဝင်ရောက်ရှာဖွေနေတာရှိတယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင်လာလို့ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ကမ်းပနီကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ ညှင်းမော်ကျေးရွာအနီးမှာ ပြည်သူတွေကို ပေါ်တာလာဆွဲတဲ့ စစ်ကော်မရှင်အဖွဲ့တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးခဲ့ကာ ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.