ဗာတီကန်စီးတီး၊ အောက်တိုဘာ ၂၀
ဗာတီကန်စီးတီး စိန့်ပီတာရင်ပြင်မှာ အောက်တိုဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ လူထု ဝတ်ပြုဆုတောင်းပွဲအပြီးမှာ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း ငြိမ်းချမ်းရေး ရယူကြဖို့ ပန်ကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မေလကတည်းက ပြည်တွင်းစစ် ပြင်းထန်နေတဲ့ မြန်မာနိုင်ငံကနေ ထွက်ပေါ်လာတဲ့ သတင်းတွေဟာ စိတ်မချမ်းမြေ့စရာ ကောင်းတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားပြီး အပစ်အခတ် ရပ်စဲကြဖို့ တောင်းဆိုခဲ့ပါတယ်။

အရပ်သားတွေနဲ့ အဆောက်အဦတွေကို လက်နက်ကိုင် တိုက်ခိုက်တာတွေ၊လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ဝမ်းနည်းရပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရသူ အားလုံးအတွက် ဆုတောင်းပေးကြောင်း ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က မိန့်ကြားပါတယ်။
ချက်ချင်း ထိရောက်တဲ့ အပစ်အခတ်ရပ်စဲမှု လုပ်ကြဖို့ မိမိရင်ထဲ နှလုံးသားထဲက ထပ်မံ ပန်ကြားလိုကြောင်းနဲ့ အားလုံး ပါဝင်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကတဆင့် ငြိမ်းချမ်းရေး ရယူကြဖို့ တိုက်တွန်းကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုလိုက်တာပါ။

အဲဒီနောက် ပုပ်ရဟန်းမင်းကြီးက အထွဋ်အမြတ် ထားရာမြေနဲ့ ယူကရိန်း အပြင် စစ်ပွဲတွေကြောင့် ထိခိုက်ခံစားနေကြရတဲ့ တခြား ဒေသတွေ အတွက်လည်း ဆုတောင်းပေးခဲ့ပါတယ်။
ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းကြမယ့် ခေါင်းဆောင်အားလုံးအတွက် ညဏ်ပညာနဲ့ ဇွဲလုံ့လကို ဘုရားသခင်က ကောင်းချီးပေးပါစေလို့လည်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပတ္ထနာပို့သခဲ့တာပါ။
လီယို ၁၄ မတိုင်ခင် အနိစ္စရောက်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း ဖရန်စစ်ကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တိုက်တွန်းခဲ့ဖူးပြီး စစ်ကောင်စီလက်ထဲ ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်စီးတီးမှာ ခိုလှုံခွင့် ပေးမယ်လို့လည်း ပြောကြားခဲ့ဖူးပါတယ်။
Ref: Vaticannews

